တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်အေးတိုက်ပွဲသစ် မစတင်ရန် ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်၌ သတိပေး 

By France24
27 January 2021
တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်အေးတိုက်ပွဲသစ် မစတင်ရန် ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်၌ သတိပေး 

ဇန်နဝါရီ ၂၇ 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တနင်္လာနေ့က အွန်လိုင်းစနစ်ဖြင့်ကျင်းပသော ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်၌  စစ်အေးတိုက်ပွဲသစ် စတင်ခြင်းမပြုရန် ကမ္ဘာ့ခေါင်းဆောင်များအား သတိပေးလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုရင်ဆိုင်ရာ၌ တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်ကြရန် တိုက်တွန်းလိုက်သည်။

နိုင်ငံနယ်နိမိတ်များအတွင်း ကပ်ရောဂါပျံ့နှံ့မှုကို ကောင်းစွာထိန်းချုပ်ပြီးသည့်နောက် သမ္မတရှီက အမေရိကန်တို့ ကပ်ရောဂါကြောင့် နာလန်မထူဖြစ်နေစဉ် ဘက်ပေါင်းစုံကမ္ဘာ့အစီအစဉ်သစ်၌ တရုတ်အား အဓိကနေရာမှ ပါဝင်သူအဖြစ်  ရှိနေစေချင်သည်။

တရုတ်၏ ကြီးထွားလာသော ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်များကို ပြန်လည်အသက်သွင်းသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစီအစဉ်များကို သွယ်ဝိုက်တိုက်ခိုက်သည့်ဟန်ဖြင့် ရှီက "တခြားသူတွေကို ပစ်ပယ်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့အတွက် အုပ်စုငယ်တွေဖွဲ့တာ ဒါမှမဟုတ် စစ်အေးတိုက်ပွဲသစ် စတင်တာဟာ ကမ္ဘာကြီးကို အစိတ်စိတ်အမွှာမွှာဖြစ်စေဖို့ တွန်းပို့နေတာပါပဲ"  ဟု ဆိုသည်။

သမ္မတဒေါ်နယ်ထရမ့်လက်ထက် ယခင်အမေရိကန်အစိုးရက စတင်ခဲ့သည့် တရုတ်ပစ်မှတ်ထားသောလှုပ်ရှားမှုများကို ဝေဖန်သည့်အနေဖြင့် ရှီက "ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ နိုင်ငံတိုင်းရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နစ်နာစေပြီး ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို စွန့်လွှတ်စေရင်းနဲ့သာ အမြဲအဆုံးသတ်ပါလိမ့်မယ်" ဟု ပြောခဲ့သည်။

တရုတ်သည် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့၏ လေးပုံတစ်ပုံခန့်ထုတ်လွှတ်နေချိန်၌ သမ္မတရှီက ၂၀၃၀ ခုနှစ်၌ ကာဗွန်ထုတ်လွှတ်မှု ၆၅ % လျှော့ချသွားရန်နှင့် ၂၀၆၀ ခုနှစ်၌ ကာဗွန်ထုတ်လွှတ်မှု လုံးဝကင်းစင်ရန်ဟူသော ပေကျင်း၏ ရည်မှန်းချက်ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့သည်။ 

"ဒီရည်မှန်းချက်တွေ ပြည့်မီဖို့ တရုတ်နိုင်ငံအနေနဲ့ အလွန်တရာ ကြိုးစားအားထုတ်ရပါလိမ့်မယ်။ ဒါပေမယ့် လူသားတစ်ရပ်လုံးရဲ့ အကျိုးစီးပွားဟာ ချိန်ခွင်ရှာပေါ်ရှိနေတဲ့အချိန်မှာ တရုတ်အနေနဲ့ ရှေ့ဆက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်ရမယ်ဆိုတာ ယုံကြည်ပါတယ်" ဟု သမ္မတရှီက ပြောသည်။ 

ရှီက ဘက်ပေါင်းစုံအဖွဲ့အစည်းများမှတစ်ဆင့် ပိုမိုခိုင်မာတောင့်တင်းသော ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေး၊ နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဖလှယ်မှုများအတွက် အတားအဆီးများကို ဖယ်ရှားရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကမ္ဘာ့စင်မြင့်ထက်၌ ပိုမိုကောင်းမွန်သောကိုယ်စားပြုရေးအတွက်လည်း တိုက်တွန်းပြောဆိုခဲ့သည်။  

ကပ်ရောဂါကြောင့်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကို တိုက်ဖျက်ရန် ကျယ်ပြန့်သောစီးပွားရေးမူဝါဒများတည်တံ့ခြင်း၏ အရေးပါမှုကိုလည်း အလေးထားပြောကြားခဲ့သည်။ 

"ကျွန်တော်တို့အနေနဲ့  ပွင့်လင်းတဲ့ ကမ္ဘာ့စီးပွားရေးကိုတည်ဆောက်ပြီး ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို အသေအချာ ကာကွယ်ပေးရပါမယ်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာကို ခွဲခြားတဲ့ အတားအဆီးတွေအပြင် တစ်ဖက်စောင်းနင်းအပြုအမူတွေ၊ သီးသန့် စံချိန်စံညွှန်း၊ စည်းမျဉ်းတွေနဲ့ စနစ်တွေ ပြုလုပ်တာကိုလည်း ရှောင်ကြဉ်ရပါမယ်" ဟု သမ္မတရှီက ပြောသည်။

တရားဝင်ကိန်းဂဏန်းများအရ တရုတ်သည် ပြီးခဲ့သည့်နှစ်က ဂျီဒီပီ ၂.၃ % တိုးတက်ခဲ့ပြီး ၁၉၇၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးတိုးတက်မှုဖြစ်သည်။ သို့သော် ကပ်ရောဂါ၏ရိုက်ခတ်မှုဒဏ်ခံရသည့်နှစ်၌ အဓိကစီးပွားရေးသာလျှင် တိုးချဲ့နိုင်ခဲ့သည်ဟု မျှော်လင့်ရသည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ တရုတ်စီးပွားရေးသည် ၂၀၂၁ ၌ ၇.၉ % တိုးတက်မည်ဟု မျှော်လင့်ရပြီး ဆိုးရွားသော ပထဝီနိုင်ငံရေးဆိုင်ရာ ရာသီဥတု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် အမေရိကန်မှ နည်းပညာဆိုင်ရာ အဆက်ဖြတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများကြောင့် ကနဦးခန့်မှန်းမှုထက် လျော့နည်းခဲ့သည်။

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ တရုတ်သည် အမေရိကန်ကိုကျော်တက်ကာ ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)  ကမ္ဘာ့အများဆုံးရရှိသည့် နိုင်ငံဖြစ်လာခဲ့သည်။ 

နိုင်ငံ၏ ကပ်ရောဂါကိုင်တွယ်နိုင်မှုအပေါ် ယုံကြည်မှုရှိလာသော သမ္မတ ရှီသည် ရည်မှန်းချက်ကြီးမားသောရာသီဥတုဆိုင်ရာ ကတိကဝတ်များပြုခဲ့ပြီး ထရမ့်အစိုးရလက်ထက်၌ အမေရိကန်-တရုတ်ဆက်ဆံရေးသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိခဲ့သောကြောင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းရန် သန္နိဋ္ဌာန်ပြုခဲ့သည်။

သို့သော် တရုတ်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကနဦးဖြစ်ပွားမှုကို မှားယွင်းစွာကိုင်တွယ်ခဲ့ပြီး သတင်းအချက်အလက်များကို ဖုံးကွယ်ခဲ့သည်ဟု စွပ်စွဲခံထားရကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဗိုင်းရပ်စ်၏မူလအစကို ဖော်ထုတ်ရန် အချိန်အတော်ကြာနှောင့်နှေးကြန့်ကြာနေသော စုံစမ်းစစ်ဆေးမှုကို ယခု လုပ်ဆောင်လျက်ရှိသည်။ 

တရုတ်ကြောင့်ဖြစ်ပေါ်လာသော တင်းမာမှုများကို ကိုင်တွယ်ရန် ဘိုင်ဒင်အနေဖြင့် မည်သို့မည်ပုံဆုံးဖြတ်မည်ဆိုသည်မှာ ၎င်းရင်ဆိုင်ရသည့် အကြီးမားဆုံး မဟာဗျူဟာမြောက်စိန်ခေါ်မှုများအနက် တစ်ခု ဖြစ်ပေလိမ့်မည်။ 

ထရမ့်လက်ထက်တွင် တရုတ်နှင့် အမေရိကန်တို့သည် ဗိုင်းရပ်စ်မှအစပြု၍ ကုန်သွယ်ရေး၊ မီဒီယာလွတ်လပ်မှု ၊ လူ့အခွင့်အရေးနှင့် နည်းပညာပြိုင်ဆိုင်မှု စသည့် အရေးကိစ္စများစွာအထိ အပြန်အလှန် ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။ 

ပြည်တွင်းအကျပ်အတည်းများစွာကို အရေးပေါ်ဖြေရှင်းရင်း အလုပ်များနေသော ဘိုင်ဒင်သည် ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပါဝင်နိုင်ခြင်းမရှိဘဲ အမေရိကန်ကိုယ်စားပြုအနေဖြင့် ရာသီဥတုဆိုင်ရာသံတမန် ဂျွန်ကယ်ရီကို တာဝန်ပေးအပ်ခဲ့သည်။ 

သမ္မတရှီသည် သမ္မတဟောင်း ထရမ့် ကျမ်းသစ္စာမကျိန်ဆိုမီအကြိုကာလက လွတ်လပ်သောကုန်သွယ်မှုချန်ပီယံအဖြစ် ကိုယ်စားပြုလျက် ၂၀၁၇ ခုနှစ် ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်၌ မိန့်ခွန်းပြောကြားခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly