အလုံးအရင်းဖြင့် ကွာရန်တင်းစင်တာ တစ်ဖန်တည်ဆောက်ကာ ကပ်ရောဂါကို တရုတ်ကိုင်တွယ်ဖြေရှင်းနေရ  

အလုံးအရင်းဖြင့် ကွာရန်တင်းစင်တာ တစ်ဖန်တည်ဆောက်ကာ ကပ်ရောဂါကို တရုတ်ကိုင်တွယ်ဖြေရှင်းနေရ  
Photo - AP

ဇန်နဝါရီ ၂၆ 

တရုတ်နိုင်ငံ ဟယ်ဘေးပြည်နယ်ရှိ လူဦးရေ ၁၀ သန်းကျော်နေထိုင်သည့် ရှီးကျားကျွမ်းမြို့တော်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို တုံ့ပြန်ရန် အခန်းပေါင်း ၄ ၀၀၀ မကပါဝင်သည့် ကွာရန်တင်းစင်တာတစ်ခုကို ဆောက်လုပ်လျက်ရှိသည်။ 

ဥရောပအာကာသအေဂျင်စီ၏ ဂြိုဟ်တုပုံရိပ်များအရ  ဇန်နဝါရီ ၁၃ ရက်ကစတင်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းမတိုင်မီက မည့်သည်အဆောက်အအုံမျှမရှိသည့် မြေနေရာတွင် ၁၀ ရက်ကျော်အတွင်း သိသိသာသာပြောင်းလဲမှုများ တွေ့ရှိခဲ့သည်။

အသင့်တည်ဆောက်ပြီးသားအိမ်တန်းများကိုလည်း တွေ့မြင်နိုင်သည်။ ဇန်နဝါရီ ၁၉ ၌ အခန်းပေါင်း ၆၀၀ ကျော်အဆင်သင့်ဖြစ်မည်ဟု ပြည်သူ့နေ့စဉ်သတင်းစာ၌ ဖော်ပြထားသည်။ ထို့နောက် နောက်ထပ်အခန်းပေါင်း ၃ ၆၀၀ ခန့် ထပ်မံတိုးချဲ့သွားမည်ဖြစ်သည်။

အဆိုပါစင်တာဆောက်လုပ်ရန်အတွက် နိုင်ငံတစ်ဝန်းမှ ဆောက်လုပ်ရေးအလုပ်သမားများနှင့် ပစ္စည်းများကို ပေးပို့ထားသည်ဟု နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။ သဘာဝဘေးအန္တရာယ်များနှင့် တခြားသောအကျပ်အတည်းများကို ဖြေရှင်းရန် နိုင်ငံအဝှမ်းမှ အရင်းအမြစ်များကို စုစည်းခြင်းသည် တရုတ်၏ လုပ်ထုံးလုပ်နည်းတစ်ခုပင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဝူဟန်မြို့ရှိ ကိုဗစ်လူနာများကို ကုသရန်အတွက် ဟိုးရှန်းရှန်နှင့် လျဲ့ရှန်းရှန်ဆေးရုံ နှစ်ရုံကို ရက်ပိုင်းအတွင်း တည်ဆောက်ခဲ့သည်။

တရုတ်သည် ပြည်တွင်းဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကောင်းစွာတားဆီးနိုင်ခဲ့သော်လည်း နိုင်ငံမြောက်ပိုင်းတွင် ယခုဆောင်းရာသီ၌ ရောဂါဖြစ်ပွားမှုကို ခုခံရင်ဆိုင်နေရသည်။ အမျိုးသားကျန်းမာရေးကော်မရှင်၏ တနင်္လာနေ့ထုတ်ပြန်ချက်အရ တရုတ်၌ ဟူပေပြည်နယ်မှ ၁၁ ဦးအပါအဝင် ၂၄ နာရီအတွင်း ရောဂါကူးစက်သူ ၁၄၅ ဦးရှိခဲ့သည်။ 

ကိုဗစ်လူနာနှင့် ထိတွေ့ခဲ့သူများကို ထားရန်အတွက် ကွာရန်တင်းစင်တာကို တည်ဆောက်လိုက်ခြင်းဖြစ်သည်။ လူတစ်ဦးစာအတွက် ၁၈ စတုရန်းမီတာ (၁၉၀ စတုန်းပေ) ကျယ်ဝန်းသောအခန်းတစ်ခန်းစီတွင် အိပ်ရာ၊ စားပွဲတစ်လုံး၊ လေအေးပေးစက်၊ ရုပ်မြင်သံကြားတစ်လုံးနှင့် Wi-Fi တို့ကို တပ်ဆင်ပေးထားသည်ဟု တရုတ်သတင်းဌာနက ဖော်ပြခဲ့သည်။ 

ကွာရန်တင်းစင်တာသည် ရှီးကျားကျွမ်းမြို့ရှိ ကျန်တင်းဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိသည်။ ဟယ်ဘေးပြည်နယ်မြို့တော် ရှီးကျားကျွမ်းသည်  ပေကျင်းအနောက်တောင်ဘက် ၂၆၀ ကီလိုမီတာ (၁၆၀ မိုင်) အကွာတွင် တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly