တရုတ်ရွှေမိုင်းတွင်းပေါက်ကွဲမှု၌ သေဆုံးနေသော မိုင်းလုပ်သား ၉ ဦးကို ရှာဖွေတွေ့ရှိ

တရုတ်ရွှေမိုင်းတွင်းပေါက်ကွဲမှု၌ သေဆုံးနေသော မိုင်းလုပ်သား ၉ ဦးကို ရှာဖွေတွေ့ရှိ

ဇန်နဝါရီ ၂၆

တရုတ်နိုင်ငံ ရွှေမိုင်းတွင်းပေါက်ကွဲမှု၌ သေဆုံးခဲ့သော မိုင်းလုပ်သား ကိုးဦး၏ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၀ ဦးရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၂၅ ရက်တွင် ပြောသည်။

ရှန်ဒုံးပြည်နယ်မိုင်းတွင်း၌ ဇန်နဝါရီ ၁၀ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း မိုင်းလုပ်သားများ နှစ်ပတ်ကြာပိတ်မိနေခဲ့ကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၁၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။

ဆောက်လုပ်ဆဲဖြစ်သည့် မိုင်းတွင်း ပေါက်ကွဲရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်သည်။ ပေါက်ကွဲမှုကြောင့် အလေးချိန် တန် ၇၀ ခန့်ရှိ အပျက်အစီးများက ဥမင်လမ်းကြောင်းကိုပိတ်မိစေခဲ့ပြီး မြေအောက်၌ အလုပ်သမားများပိတ်မိကာ ဓာတ်လှေခါးများ ပျက်စီးခဲ့သည်။

ကယ်ဆယ်ရေးသမားများက လွန်စက်များဖြင့် လမ်းကြောင်းများတူးခဲ့ပြီး ပိတ်မိနေသောမိုင်းလုပ်သားများဆီ အစားအသောက်နှင့် အာဟာရဖျော်ရည်များ ပို့ဆောင်ပေးခဲ့ကြကာ တနင်္ဂနွေနေ့၌ အသက်ရှင်သူများကို တဖြည်းဖြည်း ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့မှ ဒါရိုက်တာ ချန်ယူမင်းက မြေအောက်အနက် ၄၀၀ မီတာ ( ၁ ၃၂၀ ပေ) ၌ သေဆုံးနေသော မိုင်းလုပ်သား ကိုးဦးကို တနင်္လာနေ့က ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းထောက်များကို ပြောသည်။ တစ်နာရီခွဲခန့်ခြားပြီး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ကာ ဒုတိယပေါက်ကွဲမှုတွင် ပျက်စီးမှုပိုမိုများပြားခဲ့သည်ဟု ချန်ယူမင်းက ပြောသည်။

ပျောက်ဆုံးနေဆဲဖြစ်သော ကျန်မိုင်းလုပ်သားတစ်ဦးကို ဆက်လက်ရှာဖွေသွားမည်ဟု မိုင်းတွင်းရှိရာ ယန်တိုင်မြို့တော်ဝန် ချန်ဖေးက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ကယ်ဆယ်ရေး၌ပါဝင်ဆောင်ရွက်ခဲ့ကြသော မြို့တော်ဝန်ချန်နှင့် တာဝန်ရှိသူများသည် သေဆုံးသွားသောမိုင်းလုပ်သားများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဦးညွတ်ကာ ခဏမျှငြိမ်သက်ခဲ့ကြသည်။

ပေါက်ကွဲမှုကို အစီရင်ခံရန်နောက်ကျမှုအတွက် မိုင်းတွင်းမန်နေဂျာများကိုလည်း အာဏာပိုင်များက ထိန်းသိမ်းထားသည်။

တရုတ်တွင် မိုင်းတွင်းပြိုကျမှုကြောင့် တစ်နှစ်လျှင် သေဆုံးသူ ပျမ်းမျှ ၅ ၀၀၀ ခန့်ရှိပြီး မိုင်းလုပ်ငန်းနယ်ပယ်တွင် ယခုကဲ့သို့ အချိန်ကြာမြင့်ကာ ငွေကုန်ကြေးကျများသော ကယ်ဆယ်ရေးမှာ မကြုံစဖူးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly