တူရကီကို သတင်းစကားပါးတဲ့အနေနဲ့ ဂရိနဲ့ပြင်သစ်တို့ စစ်လေယာဉ်ရောင်းဝယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုး

တူရကီကို သတင်းစကားပါးတဲ့အနေနဲ့ ဂရိနဲ့ပြင်သစ်တို့ စစ်လေယာဉ်ရောင်းဝယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုး
Photo - AFP

ဇန်နဝါရီ ၂၆ 

ဂရိနဲ့ပြင်သစ်တို့ဟာ မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှာ တူရကီရဲ့ စိန်ခေါ်မှုတွေကို တန်ပြန်ဖို့  လက်နက်ဖွံ့ဖြိုးရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့  ယူရို ၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဘီလီယံ) တန်ဖိုးရှိ စစ်လေယာ ဉ်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက်ကို တနင်္လာနေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂရိနဲ့တူရကီတို့ဟာ သက်ဆိုင်ရာ ကမ်းရိုးတမ်းရှိ ရေပိုင်နက်တွေမှာ သဘာဝဓာတ်ငွေ့အရင်းအမြစ်နဲ့ ရေတပ်လွှမ်းမိုးမှု အရေးကိစ္စတွေနဲ့ပတ်သက်ပြီး လိပ်ခဲတည်းလည်းအခြေအနေဖြစ်နေကြကာ ပြင်သစ်က ဂရိကို အခိုင်အမာ ကျောထောက်နောက်ခံပြုပေးနေတာဖြစ်ပါတယ်။ 

အရောင်းအဝယ်သဘောတူညီချက်အရ ဂရိဟာ ပြင်သစ်ကုမ္ပဏီ Dassault ထုတ် ရာဖေးလ်ဂျက်လေယာဉ် ၁၈ စီး ဝယ်ယူမှာဖြစ်ပြီး ၎င်းတို့အနက် ၁၂ စီးက လက်ဟောင်းတွေ ဖြစ်ပါတယ်။ ဂရိဟာ အငြင်းပွားဖွယ် အီဂျီယန်ဝေဟင်မှာ တူရကီလေယာဉ်မှူးတွေနဲ့  ပုံမှန် တိုက်ပွဲငယ်တွေတွေအတွင်း တပ်ဖွဲ့အင်အားမြှင့်တင်ဖို့ရာ ဝယ်ယူလိုက်တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ ရည်ရွယ်ချက်များစွာနဲ့ သတင်းစကားပါးလိုက်တာဖြစ်တယ်လို့  ဂရိကာကွယ်ရေးဝန်ကြီး နီကော့စ် ပါနိုင်ယိုတော့ပိုလက်စ် က ပြောပါတယ်။ 

ဂရိအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ်တော့စ် တာရန်တီလစ်က ဇူလိုင်လမှာ ပထမဆုံး လေယာဉ်ခြောက်စီး ကို ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။ 

ဂရိလေတပ်က လေယာဉ်မှူးတွေနဲ့ နည်းပညာရှင်တွေဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပြင်သစ်ကိုသွားပြီး သင်တန်းသွားတက်ကြမှာဖြစ်ပါတယ်။

ဂရိနဲ့ နှစ်ရှည်လများ ဒေသတွင်းပြိုင်ဘက်တွေဖြစ်တဲ့ တူရကီတို့ဟာ မြေထဲပင်လယ်ဒေသအတွင်း အချင်းများနေတဲ့ အကျိုးစီးပွားတွေအတွက် ငါးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် စူးစမ်းလေ့လာရေးစကားဝိုင်းကို စတင်လိုက်တဲ့ တနင်္လာနေ့မှာပဲ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ်ပါလီက အေသင်မြို့ကိုရောက်ရှိလာပြီး ရောင်းဝယ်ယူသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို ကြီးကြပ်ခဲ့တာဖြစ်ပါတယ်။ 

ဂရိအစိုးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒီစကားဝိုင်းဟာ ဆွေးနွေးညှိနှိုင်းပွဲမဟုတ်သလို ခံဝန်ချုပ်ကတိတွေလည်း ရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။ 

ဂရိဝန်ကြီးချုပ် ခရီယာကို့စ် မစ်ဆိုတာကီက နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ကြံ့ခိုင်တဲ့ အဆင့်မြှင့်မှု လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာလတုန်းက ကြေညာခဲ့ပါတယ်။ 

ဆယ်စုနှစ်များစွာအတွင်း ဂရိရဲ့ အကြီးမားဆုံး ရည်မှန်းချက်ဖြစ်တဲ့ ဒီအစီအစဉ်မှာ ၂၀၂၅ ခုနှစ်ကျရင် ဘက်စုံသုံး စစ်သင်္ဘော လေးစင်း၊ ရဟတ်ယာဉ် လေးစီး ၊ တင့်ကားဖျက်လက်နက်များ၊ တော်ပီဒိုများ၊ လေတပ်သုံးဒုံးကျည်များနှင့်  ထပ်တိုးတပ်ဖွဲ့ဝင် ၁၅ ၀၀၀ ပိုင်ဆိုင်ဖို့ ဖြစ်ပါတယ်။ 

စစ်ပြီးကာလစာချုပ်တွေအရ ဂရိအပိုင်အဖြစ်သတ်မှတ်ထားတဲ့ ရေပိုင်နက်ထဲကို  တူရကီက  မြေငလျင်ဆိုင်ရာသုတေသနလုပ်ဖို့ ဆိုပြီး စူးစမ်းရှာဖွေရေးသင်္ဘောတစ်စီးနဲ့ စစ်သင်္ဘောငယ်အုပ်စုတစ်စုကို ဩဂုတ်လတုန်းက စေလွှတ်ခဲ့ပါတယ်။ 

ဂရိကလည်း အီးယူမဟာမိတ်တွေ၊ ယူအေအီးနိုင်ငံတို့နဲ့အတူ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး ၎င်းတို့ရဲ့ စစ်သင်္ဘောတွေနဲ့ တူရကီရဲ့ စစ်သင်္ဘာအုပ်စုကို ပြန်လည်လွှမ်းမိုးကာ တုံ့ပြန်ခဲ့ပါတယ်။ 

ပြင်သစ်ကတော့ အီးယူနဲ့ နေတိုးမဟာမိတ်တွေနဲ့ မတူဘဲ တူရကီနဲ့ သဘောထားကွဲလွဲချက်ကို နိဂုံးချုပ်စေမယ့် တိုက်ပွဲအတွက် ဂရိကို အပြည့်အဝထောက်ခံပေးနေခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly