ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ၁၃ ကြိမ်မြောက် ညီလာခံ စတင်ဖွင့်လှစ်ကျင်းပ

ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ၁၃ ကြိမ်မြောက် ညီလာခံ စတင်ဖွင့်လှစ်ကျင်းပ
Photo - AFP

ဇန်န၀ါရီ ၂၆

ငါးနှစ်တစ်ကြိမ် ပြုလုပ်တဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ညီလာခံကို ဇန်န၀ါရီ ၂၆ ရက်မှာ တရား၀င် စတင်ဖွင့်လှစ်ခဲ့ပြီး ပါတီအနေနဲ့ ခေါင်းဆောင်သစ်တွေကို ရွေးချယ်သွားတော့မှာ ဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီ ညီလာခံကနေ ရွေးချယ်မယ့် ခေါင်းဆောင်သစ်တွေအနေနဲ့ လက်ရှိကာလမှာ မိမိကိုယ်ကို ယုံကြည်လွန်းနေတဲ့ တရုတ်အပြင် အမေရိကန်နဲ့အကြား ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ အရေးကိစ္စတွေနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။

ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ညီလာခံမှာတော့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နေရာအပြင် အခြား အဓိက ဦးဆောင်မှု အကြီးအကဲနေရာသုံးခုတို့ကို မည်သူမဆို ရယူသွားနိုင်ပါတယ်။

အဆိုပါ ဗီယက်နမ်ရဲ့ ၁၃ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ညီလာခံကတော့ အများအားဖြင့် တံခါးပိတ်ဆွေးနွေးမှုအဖြစ် ကျင်းပတာ ဖြစ်ပြီး လာမယ့် ဖေဖော်၀ါရီ ၂ ရက်အထိ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီ ကွန်မြူနစ်ပါတီ ညီလာခံ အကြိုကာလမှာတော့ အမြင်မတူ သဘောကွဲမှုတွေအပေါ် မညှာမတာ ဖြိုခွင်းနှိမ်နင်းမှုတွေ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ လက်ရှိ ခေါင်းဆောင်ပိုင်း လက်ထက်မှာ ဖိနှိပ်မှုတွေက အရှိန်တိုးမြှင့်ဖြစ်ပေါ်ထားခဲ့တယ်လို့လည်း ၎င်းတို့က ပြောပါတယ်။

နိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက သမ္မတ တာ၀န်ထမ်းဆောင်နေခဲ့တဲ့ ကွန်မြူနစ်ပါတီအကြီးအကဲ ငုရင်ဖူထရောင်ဟာ ပါတီ အထွေထွေအတွင်းရေးမှူးရာထူးကို နောက်ထပ် သက်တမ်းတစ်ခု ထမ်းခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ အကဲဖြတ်တွေက ပြောပါတယ်။

၎င်းဟာ ခေါင်းဆောင်မှု ရာထူးနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်းတော့ ဆက်လက် ရယူထားနိုင်ဖွယ် မရှိဘူးလို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း တရုတ်နဲ့ နီးနီးကပ်ကပ်ဆက်ဆံတဲ့ ကွန်ဆာ‌ဗေးတစ်တစ်ဦး ဖြစ်တဲ့ အသက် ၇၆ နှစ်အရွယ် ထရောင်အတွက် အဓိကကျတဲ့ ခေါင်းဆောင်မှု ရာထူးတစ်ခုကို ထပ်မံထမ်းဆောင်ခွင့်ရယူနိုင်ပါက ဒါဟာ နိုင်ငံမှာ ပါတီ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ကို သိမ်းကျုံးတိုက်ချထားခဲ့တဲ့ ၎င်းရဲ့ ခြစားမှုတိုက်ဖျက်ရေး ကမ်ပိန်းအတွက် အားပေးမှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဗီယက်နမ်နိုင်ငံမှာ အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုပိုင်း သိသိသာသာ မြင့်တက်ထားခဲ့ပါတယ်” လို့ နယ်သာလန်ရှိ နယ်မြေဒေသ လေ့လာမှုဆိုင်ရာ လိုင်ဒန် အင်စတီကျူ့မှ ဗီယက်နမ်အရေး ကျွမ်းကျင်သူ ဂျိုနသန် လန်ဒန်က ပြောသွားခဲ့ပါတယ်။

ယင်းဟာ ပါတီနဲ့ နိုင်ငံတွင်းက ပြည်သူတွေကို ပိုမို ကျယ်ပြန့်စွာ စည်းကမ်းထိန်းသိမ်းကြပ်မတ်ရေး ထရောင်ရဲ့ လုပ်ငန်းစဥ်ကို ထင်ဟပ်နေတယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ဗီယက်နမ် ခေါင်းဆောင်ပိုင်းဟာ အဆိုပါ ဓလေ့စရိုက်လက္ခဏာကို အမြဲတစေ နည်းတစ်ခုနဲ့ ဆက်လက်တိုးချဲ့ဖို့ စိတ်ဆုံးဖြတ်ထားခဲ့ကြတယ်လို့လည်း ၎င်းက အေအက်ဖ်ပီကို ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly