အမေရိကန်အရာရှိများအပေါ် ပိတ်ဆို့မှုကြောင့်  တရုတ်ကိုလက်တုံ့ပြန်ရန် ထိပ်တန်း ရီပတ်ဘလစ်ကန်အမတ်များက ဘိုင်ဒန်အား တိုက်တွန်း

  အမေရိကန်အရာရှိများအပေါ် ပိတ်ဆို့မှုကြောင့်  တရုတ်ကိုလက်တုံ့ပြန်ရန် ထိပ်တန်း ရီပတ်ဘလစ်ကန်အမတ်များက ဘိုင်ဒန်အား တိုက်တွန်း

ဇန်နဝါရီ ၂၆

ဘိုင်ဒန်စတင်တာဝန်ယူပြီးနောက် မိနစ်အနည်းငယ်မျှအကြာတွင် ပေကျင်းသည် အမေရိကန်အရာရှိများအပေါ် ပိတ်ဆို့အရေးယူမှု ကြေညာခဲ့သော တရုတ်ကို ပိုမိုပြင်းထန်စွာ အရေးယူရန် ထိပ်တန်းရီပတ်ဘလစ်ကန်အမတ်များသည် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အား သောကြာနေ့က တိုက်တွန်းခဲ့သည်ဟု South China Morning Post (SCMP)က ရေးသားထားသည်။
 
အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ဦးဆောင်သူ ရီပတ်ဘလီကန်အမတ် Michael McCaul က ပေကျင်းသည် အမေရိကန်အရာရှိများအား ကွန်မြူနစ်ပါတီသည် “လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် အပြစ်ရှိသည်ဆိုသည့် အမှန်တရား ပြောဆိုခြင်းအတွက် ပိတ်ဆို့ အရေးယူခြင်းဖြင့် သဘောထားအမှန်ကို ပြသခဲ့သည် “ဟု တွစ်တာရေးခဲ့သည်။

“ဘိုင်ဒန်အစိုးရအနေနဲ့  ဒီအခြေအမြစ်မရှိတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ချက်ချင်းပြစ်တင်ရှုတ်ချဖို့နဲ့ ကွန်မြူနစ်ပါတီနဲ့ မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုကို ဦးစားပေးဖို့ ကနဦး ကတိကဝတ်တွေကို ကောင်းအောင်လုပ်ဖို့ ကျွန်တော်ပြင်းပြင်းထန်ထန် တိုက်တွန်းပါတယ်”ဟု သူက ပြောခဲ့သည်။

 တရုတ်နိုင်ငံအပေါ် ပိုမိုတင်းကြပ်သော မူဝါဒအတွက် ဝါရှင်တန်ရှိ နိုင်ငံရေးအရသဘောတူညီမှု ခိုင်မာလာခြင်းနှင့် ပေကျင်း၏ ပိုမိုတင်းမာသော နိုင်ငံခြားရေးမူဝါဒသည် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုကို လျှော့ချရန် ခက်ခဲစေလိမ့်မည်ဟု SCMP အတွက် လေ့လာသုံးသပ်သူ Sarah Zheng က မြင်သည်။
ဘိုင်ဒန်သည် ကြာသပတေးနေ့တွင် ကျိန်ဆိုပြီးနောက် မိနစ်အနည်းငယ်အကြတွင် တရုတ်သည် ပိတ်ဆို့အရေးယူမည့် အမေရိကန်တစ်ဦးချင်းစီနှင့် သူတို့ရဲ့မိသားစုစာရင်းကို ထုတ်ပြန်ခဲ့သည်။
 
ထိုစာရင်းတွင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီအို၊ ကုန်သွယ်ရေးအကြံပေး ပီတာနာဗာရို ၊ အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ရန် ၊ ကျန်းမာရေးဝန်ကြီး အဲလက်စ်အေဇာနှင့် ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး မက်သရူးပေါ်တင်ဂျာ တို့ပါဝင်သည့် ထရမ့်အုပ်ချုပ်ရေးမှ အဖွဲ့ဝင် ဟောင်းတို့ ပါဝင်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ကို “တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာချိုးဖောက်ခြင်း”နှင့် တရုတ်အပေါ် အမေရိကန်၏မူဝါဒတွင် “လွန်ကဲသောလုပ်ဆောင်မှု” အတွက် အကြီးအကျယ်တာဝန်ရှိသည်ဟု စွပ်စွဲခဲ့သည်။

 “တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးသမားတွေက သူတို့ရဲ့ အရူးလုပ်ရပ်တွေအတွက် ပေးဆပ်ရလိမ့်မယ်။ အမေရိကန် အစိုးရသစ်အနေနဲ့ တရုတ်နဲ့ တရုတ်-အမေရိကန်ဆက်ဆံရေးကို ဓမ္မဓိဋ္ဌာန်ကျကျ ကျိုးကြောင်းဆီလျော်စွာ ရှုမြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်းက အကြိမ်ကြိမ်ပြောခဲ့သည်။

အမေရိကန်အရာရှိများအား တရုတ်ဆန့်ကျင်ရေးအရေးယူမှုသည် “လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရာဇဝတ်မှု”များဖြစ်သည့် ရှင်ကျန်းပြည်နယ်၏ ဝေးလံခေါင်ဖျားဒေသရှိ ဝီဂါနှင့် အခြားတိုင်းရင်းသားလူနည်းစုဝင်များအား ပေကျင်းအားဖိနှိပ်ခြင်း၏ အပေါ် ပွမ်ပီအို၏ပြောကြားချက်ကြောင့် ထွက်ပေါ်ခဲ့သည်။

ထို့အပြင် ဝါရှင်တန်သည် ယခင်က ရှင်ကျန်းနှင့် ဟောင်ကောင်ရှိ မူဝါဒများနှင့် ပတ်သက်၍ တရုတ်အရာရှိများနှင့် အဖွဲ့အစည်းများ၊ ဟောင်ကောင်တွင် ပေကျင်း၏ နိုင်ငံရေးအရ နှိမ်နင်းမှုအပေါ် တရုတ်အရာရှိများအား ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

အမျိုးသားလုံခြုံရေး အရာရှိ ၂၈ ဦး အား အရေးယူပိတ်ဆို့မှုအရ တရုတ်ကွန်မြူနစ်ပါတီသည် ဘိုင်ဒန်အစိုးရ၏ "တရုတ်အပေါ် ပိုမိုတင်းကြပ် ပြင်းထန်သော ချဉ်းကပ်မှုကို ဆက်လက်ရန်” ဆုံးဖြတ်ချက်ကို စမ်းသပ်နေခြင်းဖြစ်သည်ဟု အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီအကြီးအကဲ ဂျင်မ်ရစ်ချ်က ကြာသပတေးနေ့က တွစ်တာတွင် ရေးခဲ့သည်။

 “ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေက အတူတကွက အမေရိကန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အဟန့်အတားဖြစ်စေလိမ့်မယ် မဟုတ်ကြောင်း ပေကျင်းကို ပြသရမယ်”ဟု သူက တွစ်တာတွင် ရေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေး ကောင်စီက တရုတ်၏ စီးပွားရေးပိတ်ဆို့မှုများကို “အကျိုးမရှိ အဆိုးမြင်ခြင်း” ဟု ခေါ်ဆိုခဲ့ပြီး ပါတီနှစ်ခုစလုံးသည် အမေရိကန်များအား လှုပ်ရှားမှုကို ဝေဖန်ရန် တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly