သံသရာတစ်ကွေ့ တွေ့ကြပြန်ရာဝယ်

သံသရာတစ်ကွေ့ တွေ့ကြပြန်ရာဝယ်

ခုတလော ကြားရတဲ့ ဟိုသတင်းက အတော်သင်းနေပါလား။ မြေးတော်လေးနဲ့ မောင်မှန်တို့လေဒီ တွေ့ဆုံတဲ့ သတင်းပေါ့။ ပထမတော့ မဟုတ်ဘူးလိုလို၊ နောက်တော့ BBC ကြေညာတဲ့သတင်းက အခိုင်အမာ ထွက်လာတယ်၊ ပြီးတော့ မြေးတော်လေးရဲ့ Facebook အကောင့်မှာ သမိုင်းဝင်မယ့်ညဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီ တွေ့ဆုံမှုသတင်းကို တင်ထားတယ် ဆိုလားပဲ။ (ဒါကတော့ မောင်မှန် မျက်တွေ့ မဟုတ်ပါဘူး၊ မိတ်ဆွေတစ် ယောက် လှမ်းသတင်းပေးတာပါ)။

ဂလိုတွေ တွေ့ကြဆုံကြတယ် ဆိုပြန်တော့ မောင်မှန်တို့လို နင်းပြားတွေက စဉ်းစားနေရပြန်ရော၊ လေဒီ နဲ့ မြေးတော်လေးဟာ အရင်ကတည်းက သိကြတယ်လို့လည်း မကြားဖူးပါဘူး။ တွေ့ဖူး ဆုံဖူးကြ ဟန်လည်း မတူပါဘူး။ အခုမှ တွေ့ကြတာ ထင်ပါရဲ့၊ တွေ့ချိန်ကလည်း နှစ်နာရီလောက်တောင် ကြာသတဲ့၊ ဘိုးတော်ကြီး လက်ထက်တော်တုန်းက လေဒီဘက်က ခဏခဏ တွေ့ဆုံခွင့် တောင်းရတယ်။

ဒိုင်ယာလော့၊ တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြန်လည် ရင်ကြားစေ့ရေး၊ စတဲ့ ခေါင်းစဉ်မျိုးစုံသုံးပြီး ပြောခဲ့ ရတယ်။ ဘိုးတော်ကြီးဘက်ကတော့ ပြည်သူကို လှည့်ဖျားဖို့ လိုအပ် လာရင် နိုင်ငံတကာ ဖိအားတွေ များလာ ရင် လေဒီနဲ့ နှုတ်ဆက် ဓါတ်ပုံရိုက်ခံပြီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် အချိန်ပေး၊ တွေ့ဆုံပစ်လိုက်တာပဲ၊ ဒါမျိုးအချိန်ဆို မောင်မှန်တို့ နင်းပြားတွေ ပျော်ရ တာပေါ့၊ တိုင်းပြည်အနာဂါတ်ပဲ ရေရာသွားပြီလိုလို၊ နိုင်/ကျဉ်းေ တွ အကုန်လုံးပဲ ချက်ချင်း လွှတ်တော့မှာလိုလို၊ ကုန်ဈေးနှုန်းတွေပဲ မနက်ဖြန် တန်းကျတော့မှလိုလို စိတ်ထဲက ထင်ပစ်လိုက်တော့တာ၊ စိတ်ကူးတွေ ယဉ်ပစ်လိုက်တော့တာ၊ တကယ်တော့ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ဆိုတဲ့ အချိန်ဟာ စားပြီးပြီလား၊ နေကောင်းလား၊ စတာတွေလောက်နဲ့ ကုန်ဆုံးသွားနိုင်တာပါ။ နောက်ပြီး တွေ့ဆုံခဲ့ဖူး တဲ့ အချိန်တွေ ဖြစ်ပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေ၊ နိုင်ငံတကာ သတင်းဌာနတွေကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရောင်ခြည်ဦး၊ ပထမခြေလှမ်း၊ မျှော်လင့်ချက်၊ အစရှိသည်ဖြင့် အဲဒီ တွေ့ဆုံမှု တွေကို ဝိုင်းဝန်း ညွှန်းဆို ဖွဲ့ွှနွဲ့လေ့ ရှိကြပါတယ်ခင်ဗျာ။

ပြီးတော့လည်း ဒုံရင်း၊ ဒုံရင်းပါပဲ၊ တိုင်းပြည်အနာဂါတ်လည်း ဘာမှန်း မသိပါဘူး။ နိုင်/ကျဉ်းတွေလည်း မလွတ်ပါဘူး၊ ကုန်ဈေးနှုန်းလည်း တက်မြဲ တက်ဆဲပါ၊ ရောင်ခြည်ဦးတို့ ပထမခြေလှမ်းတို့ ဆိုတာတွေကလည်း မေ့သလောက်ရှိမှ တစ်ခါ၊ လေးငါးနှစ်နေမှ တစ်ကြိမ်ပါ၊ မောင်မှန်တို့ ပြည်သူတွေကို မေ့သလောက်ရှိတဲ့အခါ ဆေးလာထိုးလိုက်၊ ပုလင်းကြီးလာချိတ်လိုက် လုပ်နေတာပါ၊ အပျော်လာလာ ကြံတာပါ၊ ထားပါတော့လေ၊ ဘိုးတော်ကြီးတို့ အဖွဲ့ စိတ်ကြိုက် စိုးစံတော်မူပြီးတဲ့အခါ ထာဝရ သက်တော်ရှည် ၂၀၀၈ အခြေခံ ဥပဒေကြီး ထွက်ပေါ်လာပါတယ်။ တွေ့ဆုံမှုတွေကလည်း ဘာအဖြေမှ မထွက်ခဲ့ပါ။

၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၂ ကြား ဖြတ် ပွဲတွေအပြီးမှာ အပွင့်ဆိုင်တွေ ခေတ်စားပြန်ပါတယ်။ ဆိုင်တဲ့အခါဆိုင်လိုက်ကြ၊ ကွိုင်တဲ့အခါ ကွိုင်လိုက် ကြနဲ့ ဒါလည်း ရေးရေးရာရာ မရှိလှပါဘူး။ အခု ၂၀၁၅ ရွေးကောက်ပွဲလည်း ပြီးပါပြီ။ လေဒီတို့အဖွဲ့ကပဲ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါပြီ။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ မပြီးဆုံးသေးခင်မှာပဲ လေဒီက လေးပွင့် ဆိုင် ဖိတ်ခေါ်ပြန်ပါတယ်။ သူရဦးရွှေမန်းနဲ့ ပူးတွဲကြေညာချက် ထုတ်ပါတယ်။ သမ္မတနဲ့ ကာချုပ်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေပြီးရင် တွေ့မယ်လို့ အကြောင်းပြန်ထားပါတယ်။

အခုလို အခါသမယကြီးမှာ ဗြုန်းဆို ဆိုင်းမဆင့်၊ ဗုံမပါ မြေးတော်လေးက လေဒီကို လာရောက် တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။ လေဒီ ဖိတ်ခေါ်ကမ်းလှမ်းတဲ့ လေးပွင့်ဆိုင်ထဲမှာ မြေးတော်လေးတော့ ပါမယ်မထင်ပါဘူး။ ဘိုးတော်ကြီးတောင် မပါသေးတာ မြေးတော်လေးကတော့ ဝေးစွခြောက်ပါးပေါ့နော့်၊ ဒါဆို ဘာလို့ လာတွေ့သ လဲ၊ ဘာတွေ ပြောကြသလဲ၊ မောင်မှန်တို့ ပြည်သူတွေ သိရရိုး ထုံးစံမရှိပါခင်ဗျာ၊ ဆယ်မိနစ်တွေ့လည်း မသိရ၊ နာရီဝတ်တွေ့လည်း မသိရ၊ နှစ်နာရီတွေ့လည်း မသိကြရပါ။ နိုင်ငံတော်ရဲ့ ထိတ်တန်း လျှိုးဝှက်ချက်တွေမို့ သိခွင့် မရကြတာလို့ပဲ မောင်မှန် ခံယူထားပါတယ်။

မောင်မှန် ပေါက်ပေါက်ရှာရှာလေး တွေးမိတာ တစ်ခုရှိတယ်။ အခု တင်ပြပါ့မယ်။ မြေးတော်လေးရဲ့ ဘိုးတော်ကြီးဟာ လက်ရှိမှာ တရားဝင် အာဏာစွန့်ထားသော်လည်း နောက်ကွယ်က ကြိုးကိုင် အုပ်စီးထား တယ်ရယ်လို့ နာမည်ထွက်တယ် မဟုတ်လား၊ ဒါကလည်း အကြောင်းမဲ့ ထွက်တာတော့ မဟုတ်ပါဘူး။ လက်ရှိ အာဏာပိုင်များကိုယ်တိုင် ဝါကျွတ်ကန်တော့ပွဲ ဆင်နွှဲရတာက တစ်မျိုး၊ လူးသိရှင်ကြား သြဝါဒ လမ်းညွှန်မှုကို ခံယူပါ့မယ်လို့ ထုတ်ဖော်ပြောကြားကြတာက တစ်ဖုံကြောင့် ခုလို သတင်းထွက်တာပါ။ ခုအချိန်ထိကို အရေး ကြီးတဲ့ အဆုံးအဖြတ် မှန်သမျှ သူကိုယ်တိုင် ချမှတ်နေတုန်းပဲလို့လည်း ကျော်ကြားနေဆဲပါ။

လေဒီကျပြန်တော့လည်း ရွေးကောက်ပွဲ အနိုင်မနွှဲခင်ရော၊ နွှဲပြီးနောက်မှာပါ သမ္မရဲ့အပေါ်မှာ သူရှိနေ မယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီ့အတွက် ဝေဖန်သံတွေလည်း ကျွက်ကျွက် ညံခဲ့ပါတယ်။ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုတာကတစ်မျိုး၊ ဒီလို မပြောသင့်ဘူးဆိုတာက တစ်နည်း၊ ကူးတို့ဆိပ် မှိုအိတ်ဖွင့်သလို ပွထကုန်ပါ တယ်။ ပြည်ပ ရေဒီယိုတွေမှာလည်း ဆွေးနွေးခန်းတွေ လုပ်ရဘာရနဲ့ အတော့ကို အလုပ်ရှုပ်ကုန် ကြပါတယ်။ ရွေးကောက်ပွဲ နိုင်ပြီးသွားပြန်တော့ အောင်မြေတစ်ဝက် နင်းပြီးသလို ဖြစ်သွားပြန်တာပေါ့။ ဒီတော့ လေဒီဟာ မကြာမီ ဖွဲ့စည်းတော့မယ့် အစိုးရသစ်ရဲ့ နောက်ကွယ်က အဲ၊ မဟုတ်ဘူးခင်ဗျ၊ ရှေ့တင်က ပေါ်တင် ကြိုးကိုင် မယ့်သူ ဖြစ်လာတော့မှာပါ။

ဒီအချိန်မှာ ဘိုးတော်ကြီးက သူရဲ့ အခြားအခြားသော နောက်လိုက် ဗိုလ်ပါတွေကိုပါ လေဒီ့ထံ မစေဘဲ သွေးသားရင်းချာ မြေးတော်မဟာလေးကို အထူးသံတမန်အဖြစ် စေလွတ်လိုက်တာဟာ ဆန်းတော့ မဆန်းဘူး လို့ မောင်မှန် ထင်ပါတယ်။ မကြာခင် အာဏာအလွှဲအပြောင်း လုပ်ကောင်း လုပ်မှဆိုတော့ နောက်ကွယ်က ကြိုးကိုင်သူ ဘိုးတော်ကြီးရဲ့ အထူးသံတမန် မြေးတော်လေးနဲ့ ပေါ်တင် ကြိုးကိုင်မယ့်လေဒီတို့ ညှိနှိုင်းကြရ ပေမပေါ့။ လေဒီအောင်ပွဲအတွက် ဘိုးတော်ကြီး ပါးလိုက်တဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကားကို မြေးတော်လေးက သယ်ဆောင်ပေးလာ တာလည်း ဖြစ်ကောင်း၊ ဖြစ်မှာပေါ့၊ မြေးတော်လေးအဖို့ကတော့ ဗမာ့ နိုင်ငံရေး လောကထဲ ဝင်ရတာ အရှင်မွေးနေ့ ချင်းကြီးဆိုသလို လွယ်မှလွယ်။

လေဒီကမ်းလှမ်းတဲ့ လေးပွင့်မဆိုင်ခင်မှာ နှစ်ပွင့်တော့ ဆိုင်ပြီးသွားပါပြီ။ ရွေးကောက်ပွဲ အနိုင်၊ အရှုံး စာရင်းလည်း အပြီးသတ် ကြေညာပြီးသွားပါပြီ။ ပြည်ခိုင်ဖြိုးရဲ့ တရားစွဲပွဲကြီးလည်း စတင်ပါပြီ။ Plan A မအောင်တဲ့နောက် Plan B နဲ့ စတင် ထိုးဖောက်ပြီလို့ မောင်မှန် ထင်ပါတယ်။ မြေးတော်လေး လာရောက် တွေ့ဆုံမှုဟာလည်း Plan B ထဲက အကွက်တစ်ကွက် ဖြစ်မှာပါ။

ရွေးကောက်ပွဲနိုင်လို့ တက်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကို အချိန်ယူ အချိန်ဆွဲပြီး တစ်စတစ်စ ဒီရေပြန်ကျအောင် စောင့်နေတယ် ထင်တာပါပဲ။ မြို့မေတ္တာမက တိုင်းပြည်မေတ္တာပါ အပြည့်အဝ ခံယူရရှိနေ တဲ့ မြေးတော်လေးကို လက်ခံ တွေ့ဆုံရတာဟာ လက်ခံသူရဲ့ ပုံရိပ်ကို အထူး ထိခိုက်စေပါတယ်။ သူတို့က တော့ ဗျို့ဟစ်ကာ မာန်ကူးမကြွားတဲ့ မြို့မေတ္တာ ခံယူတဲ့ သားပါပဲ။ အလုံးလည်း မလျော့ အရပ်လည်း မလျော့ ပါဘူး ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags