ကျောက်မဲမြို့ရှိ စားသောက်ဆိုင်တွင် သေနတ် ပစ်ခတ်မှု ၂ ဦး ဒဏ်ရာရ

By မွေလျန်း
26 January 2021
ကျောက်မဲမြို့ရှိ စားသောက်ဆိုင်တွင် သေနတ် ပစ်ခတ်မှု ၂ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၂၆၊ ၂၀၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ရပ်ကွပ် (၈) ရှိ MIIK (အမ်တူးကေ) စားသောက်ဆိုင်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် ည ၈ နာရီခန့်က အမည်မသိ လက်နက်ကိုင်လူနှစ်ဦး သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စားသောက်ဆိုင်တွင် စကားပြောနေသည့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကျောက်မဲမြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ကျောက်မဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဆိုင်ကယ် တစ်စီး၊ လူက နှစ်ယောက်၊ လက်နက်ငယ်တွေနဲ့ လာပစ်သွားတာပါ။ ဆိုင်မှာ စားသောက်နေတဲ့ ကိုလှိုင်းကျော်ထွန်းနဲ့ ကိုအောင်သိန်းစိုး (ခ) သိန်းစိုးတို့ ဒဏ်ရာရသွားလို့ ကျောက်မဲဆေးရုံကြီးမှာ ဆေးကုနေပါတယ်။ ဒဏ်ရာက မစိုးရိမ်ရဘူး” ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။
ဒဏ်ရာရရှိသည့် အမျိုးသားနှစ်ဦးမှာ လူမှုကူညီရေး အသင်းတစ်ခုတွင် ကူညီလုပ်ကိုင်ပေးနေသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်ကို ကျောက်မဲမြို့မ ရဲစခန်းက ဆက်လက် စုံစမ်းလျက်ရှိကြောင်းလည်း သိရသည်။

ကျောက်မဲမြို့တွင် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ယမန်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ကလည်း လမ်းလျှောက်ထွက်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဘောစိထည့်ပစ်ရသည့် လေသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း နောင်ပိန်ကျေးရွာအုပ်စု၊ ပန်းတိန်ရွာတွင် ရှမ်းပြည်နယ် အမျိုသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required