အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရသစ်နှင့် ခွဲတမ်း ချနေကြသူများ

အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရသစ်နှင့် ခွဲတမ်း ချနေကြသူများ

၂၀၁၅ အထွေထွေရွေးကောက်ပွဲ၏ အပြီးသတ်ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာ ၂၀ က နောက်ဆုံး ထုတ်ပြန်လိုက်သည်။ လွှတ်တော်သုံးရပ်စလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)သည် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ ရာခိုင်နှုန်း အားဖြင့်ဆိုရလျှင် ၈၀ ရာခိုင်နှုန်း ဝန်းကျင်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး၊ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်း မည့် သမ္မတကိုလည်း အင်န်အယ်လ်ဒီကပင် ရွေးကောက်တင်မြှောက်ပိုင်ခွင့် ရရှိသွားသည်။

ပြည်သူများ မလိုလား၊ လက်မခံသော စစ်အာဏာရှင်များ အလိုကျ အချိန်ယူ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးအရ ရွေးကောက်ပွဲမဝင်၊ လူထုထောက်ခံမှု မရှိဘဲ လွှတ်တော်တွင်းသို့ မိုးကျရွှေကိုယ်အသွင် ဝင်ရောက်လာမည့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကိုပင် ထည့်သွင်း တွက်ချက်စေဦးတော့ အင်န်အယ်လ်ဒီသည် ပြည်ထောင်စု လွှတ်တော်တွင်းတွင် ၆၀ ရာခိုင်နှုန်းဖြင့် အများဆုံးရှိကာ လွှတ်တော်ကို ဦးဆောင်နိုင်မည် ဖြစ်သည်။

နိုင်ငံ၏ အဓိက မဏ္ဍိုင်ကြီး သုံးရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို အင်န် အယ်လ်ဒီသည် ထိန်းကျောင်း မောင်းနှင်ခွင့် ရမည်ဖြစ်သည်။ ဤတွင် မဲဆန္ဒရှင် ပြည်သူများနှင့် နိုင်ငံ ရေး အကဲခတ်များက စိုးရိမ်ပူပန်နေကြသည်မှာ အေးအေးညောင်းညောင်း အာဏာလွှဲပြောင်းပါ့မလား ဆိုသည့် မေးခွန်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကမူ အင်န်အယ်လ်ဒီအစိုးရသစ်ကို အာဏာလွှဲပြောင်း ပေးအပ်ပါမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြိမ်ကြိမ် အထပ်ထပ် ပြောကြားထားသည်။

အင်န်အယ်လ်ဒီအောင်ပွဲသည် လူထုအောင်ပွဲဖြစ်သည်ဟု အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအပြီး ရက်ပိုင်းမှာပင် ပြောဆိုထားသည်။ဟုတ်လည်း ဟုတ်သည်။ အင်န်အယ်လ်ဒီသည် ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံကြီးမှ ပေါက်ဖွား လာသည့် လူထုပါတီ အသွင်ဆောင်သည်။ စစ်အာဏာရှင်များကို တွန်းလှန်ရန် လူထုသည် အင်န်အ ယ်လ်ဒီကို ပုံအော ထောက်ခံခဲ့ကြသည်။ ယခုထက်တိုင်လည်း ထောက်ခံနေဆဲ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ထောက် ခံမှုဖြင့် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း ရွေးကောက်ပွဲကို ကျင်းပပေးသည့် စစ်အာဏာရှင်များ သည် ၎င်းတို့ကိုယ်တိုင် ပေးအပ်ထားသော ကတိစကားကို ချိုးဖောက်ပြီး အာဏာ လွှဲမပေးခဲ့ပါ။ နှစ် ပေါင်း၂၅ နှစ်ကြာသည့်တိုင် တိုင်းရင်းသား ပြည်သူများသည် အင်န်အယ်လ်ဒီကို ထောက်ခံမှု မလျော့ ဘဲ တောင်ပြိုကမ်းပြို အနိုင်ပေးပြန်သည်။ သို့သော် အထက်တွင် ဆိုခဲ့သည့်အတိုင်း ဒီတစ်ကြိမ်တွင် လည်း အာဏာ လွှဲပြောင်းပေးပါ့မလားဟု  ပြည်သူများသည် ခဲမှန်ဖူးသည့် စာသူငယ်အသွင် စိုးတ ထိတ်ထိတ် ဖြစ်နေကြသည်။

လက်ရှိ အာဏာရှိသူများရော မဲဆန္ဒရှင် ပြည်သူများ၏ စိုးရိမ်မှုများကိုပါ ပယ်ဖျောက်နိုင်ရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၀ မှာပဲ တိုင်းပြည်၏ အဓိက အာဏာရှိ ပုဂ္ဂိုလ်များဖြစ်သည့် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို တွေ့ဆုံ ဆွေးနွေးကြပါမည့်အကြောင်း စာရေးသား တောင်းဆိုခဲ့သည်။ လက်ရှိ ကာလတွင်တော့ ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေမန်း တစ်ဦးတည်းနှင့်သာ တွေ့ဆုံခွင့်ရပြီး နှစ်ဘက် သဘော တူညီချက်ကို ထုတ်ပြန်ထားခဲ့သည်။

အခြားတစ်ဖက်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်လ်ဒီအနေနှင့် တောင်ပြိုကမ်း ပြို နိုင်သော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟု တင်ကြိုပြော ထားခဲ့သည်။ သုဝဏ္ဏသာမ ဇာတ်တော်လာ သားရွှေအိုးထမ်းကိန်းကို ဆောင်ရွက်လိုပုံ ရသည်။ သို့ရာတွင် လက်ရှိကာလ၌ တစ်ယောက်တစ်မျိုး စိတ်ကူးယဉ် အစိုးရများကို ဖွဲ့စည်းနေကြသဖြင့် အာဏာမ ရနှင့်မီက ခွဲတမ်းချနေကြသကဲ့သို့ ဖြစ်နေပေရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်သာ အကောင်း ဆုံးခွဲဝေ နေရာချပေးနိုင်မည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags