ထရမ့်လက်ထက်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ဖြူးရေး အစီအစဥ် မရှိခဲ့ဟု လက်ရှိအိမ်ဖြူတော်အရာရှိချုပ် ပြော

ထရမ့်လက်ထက်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ဖြူးရေး အစီအစဥ် မရှိခဲ့ဟု လက်ရှိအိမ်ဖြူတော်အရာရှိချုပ် ပြော

ဇန်န၀ါရီ ၂၅

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အစိုးရလက်ထက် တာ၀န်ထမ်း‌ဆောင်မှု နောက်ဆုံးလများအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေခဲ့စဥ်က အစိုးရထူထောင်သတ်မှတ်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးရေး အစီအစဥ် မရှိခဲ့ဟု သမ္မတသစ် ဂျိုးဘိုင်ဒင်လက်အောက်ရှိ အိမ်ဖြူတော်အရာရှိချုပ် ရွန်ကလိန်းက ဇန်န၀ါရီ ၂၄ ရက်တွင် ပြောကြားသွားခဲ့သည်။

“ကာကွယ်ဆေး ဖြန့်‌ဝေမယ့် လုပ်ငန်းစဥ်‌ပေါ့၊ အထူးသဖြင့်တော့ ဘိုးဘွားရိပ်သာတွေရဲ့ အပြင်ဘက်မှာနဲ့ ဆေးရုံတွေ အပြင်ဘက် လူ့အဖွဲ့အစည်းထဲ တပေါင်းတစ်စည်းတည်း ကာကွယ်ဆေး ဖြန့်ဖြူးမယ့်လုပ်ငန်းစဥ်မျိုး ကျွန်တော်တို့ အိမ်ဖြူတော်ထဲ ရောက်ခဲ့ချိန်မှာ တကယ်ပဲ ရှိမနေခဲ့ပါဘူး” ဟု ကလိန်းက NBC ၏ “Meet the Press” ပရိုဂရမ်တွင် ပြောခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ သမ္မတရာထူးလွှဲပြောင်းရယူထားခဲ့သည့် ဒီမိုကရက်တစ်ဦးဖြစ်သော ဘိုင်ဒင်သည် ထရမ့်လက်ထက် အမေရိကန်တွင် လူပေါင်း လေးသိန်းကို သေဆုံးစေခဲ့သည့် ကပ်ရောဂါကို အပြင်းအထန် ရင်ဆိုင်တိုက်ဖျက်သွားမည်ဟု ကတိပြုထားခဲ့သည်။

၎င်းသည် ပြီးခဲ့သည့်အပတ်က စီမံအုပ်ချုပ်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို လက်မှတ်ထိုးခဲ့ပြီး ယင်းတို့အနက် ကာကွယ်ဆေး ဖြန့်ဖြူးရေးကို ရည်မှန်းသည့် ဆောင်ရွက်ချက်အချို့လည်း ပါ၀င်ခဲ့သည်။

ကွန်ဖရင့် စင်တာများ၊ အားကစားကွင်းများနှင့် အားကစားရုံများတွင် ကာကွယ်ဆေးထိုးနှံမှု နေရာများ ထူထောင်ရေးအတွက် ပြည်နယ်နှင့် ဒေသ အစိုးရများနှင့် လက်တွဲပူးပေါင်းသွားရန် ဘိုင်ဒင်က စီစဥ်နေသည်။ အမေရိကန်အစိုးရသစ်သည် ကာကွယ်‌ဆေးထိုးနှံမှုများကို တိုးမြှင့်လုပ်ဆောင်ရန် ဖက်ဒရယ် အေဂျင်စီများ၊ စစ်ဘက် ဆေးဘက်ဆိုင်ရာ အမှုထမ်းရေးရာ လုပ်ငန်းဌာနများ နှင့် ဆေး၀ါးဖော်စပ်မှုဆိုင်ရာ လုပ်ငန်းများမှ ထောင်နှင့်ချီသော ၀န်ထမ်းများကို ဖြန့်ကျက်သွားမည် ဖြစ်ပြီး ဆရာ၊ဆရာမများနှင့် ကုန်စုံဆိုင်စာရေးများကိုလည်း လုပ်ငန်းစဥ်တွင် ပါ၀င်နိုင်ရေး အရည်အချင်းပြည့်မီစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။

၂၀၂၀ နှစ်ကုန်တွင် အမေရိကန်ပြည်သူ သန်း ၂၀ ကာကွယ်ဆေးထိုးပြီး ဖြစ်ရမည်ဆိုသည့် ထရမ့်အစိုးရ၏ ရည်မှန်းချက် မပြည့်မီခဲ့သလို ကာကွယ်ဆေးထိုးနှံမှု ပရိုဂရမ်များသည် အဆိုပါ ရည်မှန်းချက်နောက်တွင် အတော်ပင် နောက်ကျကျန်နေခဲ့သည်။

“နိုင်ငံအနှံ့ ကာကွယ်ဆေးပုလင်း သန်းချီ ဖြန့်‌ဝေထားပြီးပြီဆိုတဲ့ ဒီအခြေခံအကြောင်းအချက်ကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်၊ ဒါပေမယ့် ထက်၀က်လောက်ကိုပဲ ထုတ်ပေးထားရပါသေးတယ်”
ဟု ကလိန်းက ပြောသည်။

“ဒီတော့ ပြည်သူတွေကို ကာကွယ်ဆေး ထိုးနှံပေးမှု လုပ်ငန်းစဥ်က မလွယ်ကူတဲ့ လုပ်ငန်းစဥ်ပါ၊ ဒါက နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ နောက်ကျနေတဲ့ အပိုင်း ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဘိုင်ဒင်အစိုးရလက်ထက်မှာ ဒါကို အရှိန်မြှင့်တင်ဖို့ ကျွန်တော်တို့ အာရုံစိုက်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required