ထိပ်သီးတွေ့ဆုံပွဲတက်ရောက်ပြီး ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွင် အမေရိကန် ပြန်လည်ပူးပေါင်း

ထိပ်သီးတွေ့ဆုံပွဲတက်ရောက်ပြီး ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွင် အမေရိကန် ပြန်လည်ပူးပေါင်း

ဇန်န၀ါရီ ၂၅

ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက်များကနေ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးများနှင့် ပြည်သူများကို ပိုမို ကောင်းမွန်စွာ အကာအကွယ်ပေးသွားနိုင်ရေး နည်းလမ်းများနှင့်စပ်လျဥ်းသည့် အဆင့်မြင့်လယ်ဗယ် ဆွေးနွေးမှုများတွင် ပူးပေါင်းပါ၀င်ခြင်းအားဖြင့် အမေရိကန်နိုင်ငံသည် ဇန်န၀ါရီ ၂၅ ရက်တွင် ရာသီဥတုပြောင်းလဲမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်မှုတွင် ပြန်လည်ပါ၀င်သွားမည် ဖြစ်သည်။

၂၀၁၅ ပါရီ ရာသီဥတု သဘောတူညီချက်ထဲ အမေရိကန် ပြန်လာမည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့ပြီး တစ်ပတ်မပြည့်ခင် ရာသီဥတုဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျွန်ကယ်ရီသည် တရုတ် ဒု၀န်ကြီးချုပ် ဟန်ကျန်း၊ ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာ မာကဲလ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဗြိတိန်၀န်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ အခြား ခေါင်းဆောင်များနှင့်အတူ ရာသီဥတုဆိုင်ရာ လိုက်လျောညီထွေ သင့်လျော်အောင် စီစဥ်ခြင်း ထိပ်သီးတွေ့ဆုံပွဲ၌ ပါ၀င်မည် ဖြစ်သည်။

နယ်သာလန်နိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်သည့် ထို အွန်လိုင်း ညီလာခံသည် ၂၀၃၀ ပြည့်နှစ် မရောက်ခင် ကာလအတွင်း ရာသီဥတု ပြောင်းလဲမှုအပေါ် ကိုင်တွယ်မှုအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများနှင့် အစီအစဥ်များကို စီစဥ်တင်ပြရန် ရည်ရွယ်သည်။

ယခု ထိပ်သီးတွေ့ဆုံပွဲ မတိုင်မီကလည်း ကမ္ဘာတစ်၀န်းမှ သိပ္ပံပညာရှင် ၃,၀၀၀ ကျော်တို့သည် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်များကနေ ပြည်သူများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးရေးအတွက် ခေါင်းဆောင်များကို ဖိအားပေးတိုက်တွန်းထားခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ အလျင်အမြန် ပူနွေးလာနေတဲ့ ကမ္ဘာကြီးဟာ ပိုမိုပြင်းထန်တဲ့ မိုးခေါင်မှုတွေ၊ မီးလောင်မှုတွေ၊ အပူလှိုင်းတွေ၊ ရေကြီးမှုတွေ၊ ပျက်စီးစေတဲ့ အပူပိုင်း ဆိုင်ကလုန်းတွေနဲ့ အခြားသော ပြင်းထန်တဲ့ ဖြစ်ရပ်တွေကြောင့် အဓိက ထိခိုက်မှုတွေ တွေ့ကြုံထားခဲ့ပြီး ဖြစ်ပါတယ်” ဟု နိုဘယ်ဆုရှင် ငါးဦးအပါအ၀င် သိပ္ပံပညာရှင်များက ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ‌ပြောထားခဲ့သည်။

“ကျွန်တော်တို့ ခုချိန်မှာ အရှိန်အဟုန်မြှင့်ပြီး လိုက်လျောညီထွေအောင် မလုပ်ဘူးဆိုရင် ဆင်းရဲနွမ်းပါးမှု တိုးမြင့်တာ၊ ရေရှားပါးပြတ်တောက်တာတွေ၊ လယ်ယာစိုက်ပျိုး‌ရေးဆိုင်ရာ ဆုံးရှုံးမှုတွေနဲ့ လူသားဘ၀အပေါ် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေမယ့် ရွှေ့ပြောင်းသွားလာနေထိုင်မှုလယ်ဗယ် မြင့်တက်မှုတွေ ဆိုတဲ့ ရလဒ်တွေ ဖြစ်လာပါလိမ့်မယ်”

ရာသီဥတု ပြောင်းလဲမှုက ကမ္ဘာလုံးဆိုင်ရာ အစားအစာ ထုတ်လုပ်မှုအပေါ် အများဆုံး ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားစေနိုင်သလို ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှင့် ပိုမိုကြီးမားသည့် မုန်တိုင်းများကြောင့်လည်း ကမ်းရိုးတန်းဒေသ မြို့ကြီးများရှိ လူ သန်းပေါင်းများစွာကို ၎င်းတို့၏ နေအိမ်များကနေ စွန့်ခွာရမှုကို ဖြစ်စေနိုင်ကြောင်း ထိပ်သီးတွေ့ဆုံပွဲ စီစဥ်သူဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ လိုက်လျောညီထွေ သင့်လျော်အောင် စီစဥ်ခြင်းဆိုင်ရာ စင်တာ (GCA) က ပြောသည်။

“ရာသီဥတု ပြောင်းလဲမှုအတွက် ကာကွယ်ဆေး မရှိပါဘူး” ဟုလည်း GCA ၏ ဥက္ကဋ္ဌ နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ထိပ်သီးတွေ့ဆုံပွဲ အကြိုရက်က သတင်းထောက်များကို ပြောခဲ့သည်။

“ဒါက ကျွန်တော်တို့ ထင်ထားတာထက် အတော့်ကို ပိုမို မြန်ဆန်စွာ ဖြစ်ပျက်နေတာပါ၊ ရေတံခွန်လို သွယ်ဖြာ ကျဆင်းတဲ့ ဆိုးကျိုးတွေ၊ ထိခိုက်မှုတွေ ဖြစ်စေရင်းနဲ့ပေါ့၊  ရာသီဥတု ပြောင်းလဲမှုအပေါ် ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ခြင်းက လုပ်ဖို့ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး၊ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် ကိစ္စပါ”ဥပဒေအရ စည်းနှောင်မှုမရှိသည့် ကတိက၀တ် အာမခံချက်များကို ထိပ်သီးတွေ့ဆုံပွဲတွင် လုပ်ဆောင်သွားမည် ဖြစ်သော်လည်း ခေါင်းဆောင်များသည် ဆယ်စုနှစ်ကုန်ထက် နောက်မကျဘဲ ရာသီဥတုကို ကြံ့ကြံ့ခံနိုင်သော ဂြိုဟ်တစ်ခု ဖန်တီးရေးအတွက် လုပ်ဆောင်ချက် လုပ်ငန်းစဥ်တစ်ရပ်၊ ပုံစံကားချပ် အစီအစဥ်များနှင့် အဆိုပြုချက်များကို ချမှတ်ရန် ကြိုးပမ်းမည် ဖြစ်သည်။

ရေဘေးကာကွယ်ရေး ရေနုတ်‌မြောင်းစနစ်နှင့် မိုးခေါင်မှုဒဏ်ခံနိုင်သော သီးနှံများပိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်းများနှင့် မုန်တိုင်းဆိုင်ရာ ကြိုတင် သတိပေးမှုစနစ်များ ပါ၀င်နိုင်သည့် အစီအစဥ်တစ်ရပ်တွင် အီဂျစ်၊ ဘင်္ဂလား‌ဒေ့ရှ်၊ မာလာ၀ီ၊ စိန့်လူစီယာ နှင့် နယ်သာလန်တို့နှင့်အတူ လက်တွဲလုပ်ဆောင်ရန် စီစဥ်နေကြောင်း ဗြိတိန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required