ဧရာဝတီတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေး လူဦးရေ ၁ သောင်းစာ ရရှိမည်

ဧရာဝတီတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေး လူဦးရေ ၁ သောင်းစာ ရရှိမည်
ဓာတ်ပုံ - မင်းထက်

ဇန်နဝါရီ ၂၅၊ ၂၀၂၁

ဧရာဝတီတိုင်းဒေသကြီး အတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး လူဦးရေ ၁၀,၀၀၀ စာ ရရှိမည်ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

ပထမဆုံးအကြိမ် ရရှိသော ကာကွယ်ဆေးများကို ပထမဦးစားပေး အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ တိုင်းအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များအား ထိုးပေးရန် စီစဉ်ထားပြီး၊ ဒုတိယ ဦးစားပေး အနေဖြင့် ကျန်းမာရေးအရ အန္တရာယ်ရှိနိုင်သည့် လူအုပ်စုများကို ထိုးပေးမည်ဖြစ်သည်ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

လူဦးရေတစ်သောင်းစာအား နှစ်ကြိမ်စီ ထိုးရန်အတွက် ရရှိခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နောက်ပိုင်းတွင်လည်း ထပ်၍ရရှိဦးမည်ဟု သိရသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းဆိုင်ရာ သင်တန်းများကို ဧရာ၀တီတိုင်းအတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား အွန်လိုင်း (Online) စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည်။

သင်တန်းပြီးစီး၍ ကာကွယ်ဆေးများ ရောက်ရှိလာချိန်တွင် ကာကွယ်ဆေးထိုးခြင်းများကို စတင် ဆောင်ရွက်မည်ဟု တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

ယခု ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် ထိုးပေးမည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံမှ ထုတ်လုပ် လှူဒါန်းသည့် Covishield ကိုဗစ်ရောဂါ ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရက ပေးပို့သည့် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေ ပို့ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly