နယ်သာလန်မှာ ကာဖျူးအမိန့် ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ပဋိပက္ခတွေ ဖြစ်ပွား

နယ်သာလန်မှာ ကာဖျူးအမိန့် ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ပဋိပက္ခတွေ ဖြစ်ပွား
Photo - AFP

ဇန်နဝါရီ ၂၅  

နယ်သာလန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကာဖျူးအမိန့်သစ်တစ်ခု ထုတ်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး နေရာတစ်ချို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ မီဒီယာတွေက ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

စနေနေ့က စတင်ခဲ့တဲ့ ကာဖျူးအမိန့်နဲ့ပတ်သက်လို့ အမ်စတာဒမ်မြို့လယ်က ရင်ပြင်တစ်ခုမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စု‌ဝေးခဲ့ကြချိန် အာဏာပိုင်တွေဘက်က မီးသတ်ပိုက်တွေ၊ ခွေးတွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့တယ်လို့ အများပြည်သူရုပ်သံဌာန NOS ဖော်ပြပါတယ်။

နိုင်ငံတောင်ပိုင်းက အိုင်ဟိုဗန်မြို့မှာလည်း ရာနဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြု ပစ်ခတ်ခဲ့တယ်လို့ ဒေသဆိုင်ရာ ရုပ်သံဌာန Omroep Brabant က ဖော်ပြပါတယ်။ အဆိုပါ နေရာမှာ အနည်းဆုံး လူ ၃၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကားတစ်ချို့ မီးရှို့ခံရပြီး အိုင်ဟိုဗန်ရဲ့ ဗဟိုမီးရထားဘူတာရုံက စီးပွားရေးလုပ်ငန်းတွေလည်း တိုက်ခိုက်လုယူခိုးဝှက်ခံရမှုတွေ ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံမြောက်ပိုင်းက အာ့ခ် ကျေးရွာမှာ စနေနေ့ ညနေခင်းက ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှု စင်တာတစ်ခုလည်း မီးရှို့ခံခဲ့ရ‌တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

“အာ့ခ်‌ ကျေးရွာက ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးတဲ့ စင်တာ မီးရှို့မှုကတော့ အတော့်ကို တရားလွန်တဲ့ လုပ်ရပ်ပါ” လို့ ကျန်းမာရေး၀န်ကြီး ဟူဂို ဒီဂျောင်က တနင်္ဂနွေနေ့က ပြောသွားခဲ့ပါတယ်။

ည ၉ နာရီနဲ့ မနက် ၄ နာရီ ခွဲအကြား အချိန်အတောအတွင်း အပြင်မထွက်ရ အမိန့်ကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ယင်းနိုင်ငံမှာ ပထမဆုံး ထုတ်ခဲ့တဲ့ ကာဖျူးအမိန့် ဖြစ်ပြီး နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ လျော့ကျသွားစေဖို့အတွက် ဒီအမိန့်ကို လိုအပ်တယ်လို့ ၀န်ကြီးချုပ် မာ့ခ် ရတ် က ‌ပြောပါတယ်။ ကာဖျူးအမိန့် ချိုးဖောက်သူတွေကတော့ ဒဏ်ငွေ ၉၅ ယူရို (၁၁၅ ဒေါ်လာ) ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေကြောင့် ဥရောပမှာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်ထားစေခဲ့ပြီး အထူးသဖြင့်တော့ ဗြိတိန်မှာ ပထမဆုံး ပေါ်ထွက်ခဲ့တဲ့ ပိုမို ကူးစက်မြန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်က စိုးရိမ်ပူပန်မှုတွေကို ပေါ်ထွက်ထားစေခဲ့ပါတယ်။

နယ်သာလန်နိုင်ငံကတော့ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက အတင်းကျပ်ဆုံး အစီအမံတွေအောက်မှာ ရှိနေခဲ့ပြီး ဖြစ်ပြီး ဘားတွေ၊ စားသောက်ဆိုင်တွေဟာလည်း အောက်တိုဘာလမှာ ပိတ်ထားခဲ့ရကာ စာသင်ကျောင်းတွေနဲ့ မဖြစ်မနေဖွင့်ဖို့ မလိုအပ်တဲ့ ဆိုင်တွေဟာလည်း ဒီဇင်ဘာလကတည်းက ပိတ်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly