အသက်အန္တရာယ်ပြုန်းသည့် ကျောက်စိမ်းလုပ်ငန်းက ဒီမိုကရေစီဖြစ်စဉ်ကို ယိုင်နဲ့အောင်လုပ်မည့် လက်ကိုင်တုတ်ဟု Global Witness ပြော

အသက်အန္တရာယ်ပြုန်းသည့် ကျောက်စိမ်းလုပ်ငန်းက ဒီမိုကရေစီဖြစ်စဉ်ကို ယိုင်နဲ့အောင်လုပ်မည့် လက်ကိုင်တုတ်ဟု Global Witness ပြော
Photo -EPA

အသက်အန္တရာယ်ပြုန်းသော မြန်မာ့ကျောက်စိမ်းလုပ်ငန်းမှ အကျိုးအမြတ်များရနေသည့် စစ်တပ်ပါဝင်သည့် စီးပွားရေးအင်အားက နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို ယိုင်နဲ့သွားစေနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းတွင် စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် လူပေါင်း ရာကျော်သေဆုံးပြီးနောက် လန်ဒန်အခြေစိုက် Global Witness က ယခုကဲ့သို့ မှတ်ချက်ပြုစကားများ ပြောကြားလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကျောက်စိမ်းနယ်မြေတွင် ကျောက်စိမ်းကုမ္ပဏီကြီးများက စက်ယန္တရားကြီးများဖြင့် အကောင်းဆုံးကျောက်စိမ်းများ တူးဖော်ရှာဖွေပြီး မြေစာပုံများစွန့်ပစ်ထားရာတွင် ကျပမ်း ကျောက်ရှာသူများက ယင်းမြေစာပုံများတွင် ရေမဆေးကျောက်များကို ရှာဖွေနေကြသည်။ တောင်ပုံရာပုံ ဟိုနေရာဒီနေရာ စွန့်ပစ်စုပုံထားသည့် စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာသူများ၏ ဘဝအနေအထားမှာလည်း အများစုက မူးယစ်ဆေးဝါး စွဲသူများဖြစ်လျက်ရှိနေသည်။

နိုင်ငံ၏ ထိုသို့သော ကျောက်စိမ်းလုပ်ငန်းမှ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ ရရှိခဲ့ကြောင်း Global Witness က အသေးစိတ်အစီရင်ခံစာတစ်ရပ်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည်။

သုတေသနပြုထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် တူးဖော်သည့် ကျောက်စိမ်းအများစုမှာ တရုတ်နိုင်ငံတွင်းသို့ မှောင်ခိုရောက်ရှိသွားကြကြောင်း၊ ရရှိဝင်ငွေ၏ အစွန်းထွက် ပမာဏမျှသာ နိုင်ငံတော်ဘဏ္ဍာသို့ ဝင်ကြောင်း ဖော်ပြထားသည်။

"ဒီငွေတွေက အငွေ့ပြန်ပျောက်ပျက်သွားတာမှ မဟုတ်တာ။ မသမာတဲ့သူတွေ လက်ထဲ ရောက်သွားတာ။ ဒါက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးတွေမှာ ကြီးစွာအန္တရာယ်ပေးမယ့်သူတွေထဲက တစ်ချို့ကို အင်အားကြီးထွားအောင် လုပ်ပိုင်ခွင့်တွေ ဖြည့်တင်းပေးနေတာပါပဲ။"ဟု Global Witness မှ အကြီးတန်းအကြံပေး Mike Davis က ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်က သမိုင်းတွင်ရွေးကောက်ပွဲကြီး ကျင်းပရာ အတိုက်အခိုက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတီက စစ်တပ်နောက်ခံ အာဏာရ ပြည်ခိုင်ဖြိုးပါတီကို အပြတ်အသတ်အနိုင်ရခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မြန်မာစစ်အစိုးရက အရပ်သားတစ်ပိုင်းအစိုးရအဖြစ် အာဏာလက်ပြောင်းလွှဲခဲ့ခြင်းဖြစ်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ ခရိုနီကြီးများ၏ အခန်းကဏ္ဍကို စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သည်။

"စစ်တပ်သဘောထားတင်းမာသူတွေက ထောက်ခံမှုမရကြပါဘူး။ ပြည်သူက သူတို့ကို ချောင်ထိုးပစ်လိုက်ပါပြီ။ ဒါပေမယ့် ဒီလိုမျိုး သဘောထားတင်းမာတဲ့ လူစားမျိုးတွေဆီ စစ်တိုက်နိုင်လောက်တဲ့ ငွေကြေးပမာဏက ဝင်နေဦးမယ်ဆိုရင် ကစားပွဲမှာ သူတို့တွေ ဆက်ပြီးရှိနေဦးမယ်။ အရေးအရာရောက်မယ့် ပြဿနာရင်းမြစ်တွေကို ဖန်တီးလာဖို့ များတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ အမှန်တကယ် လုပ်ဖို့လိုတာက ဒီလိုလူမျိုးတွေ လက်ထဲမှာ ကျောက်စိမ်းလုပ်ငန်းတွေ ဆက်ပြီးမရှိတော့အောင် ဦးစားပေးလုပ်ရမှာပဲ ဖြစ်တယ်။"ဟု Mike Davis က ပြောခဲ့သည်။

 

Ref: ABC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly