ကိုရိုနာဗိုင်းရပ်စ်က ဦးနှောက်ထဲ၌ ခိုအောင်းနေနိုင်ပြီး ရောဂါပြန်ထမှုကို ဖြစ်စေနိုင်ဟု လေ့လာချက်တွင် တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်က ဦးနှောက်ထဲ၌ ခိုအောင်းနေနိုင်ပြီး ရောဂါပြန်ထမှုကို ဖြစ်စေနိုင်ဟု လေ့လာချက်တွင် တွေ့ရှိ

ဇန်နဝါရီ ၂၄

ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခံရသူများ၏ ဦးနှောက်ထဲ၌ ခိုအောင်းနေကောင်းနေနိုင်ပြီး ရောဂါမှ ပြန်ကောင်းသွားပြီဟု ထင်ခဲ့ရသော လူနာများတွင် ရောဂါပြန်လည်ဖြစ်ပွားမှုများကို ဖြစ်စေနိုင်ကြောင်း လေ့လာချက်အသစ်တစ်ခုက ဖော်ပြသည်။

Viruses ဂျာနယ်က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည့် လေ့လာချက်တစ်ခုအရ နှာခေါင်းလမ်းကြောင်းများကနေတဆင့် ဗိုင်းရပ်စ် ကူးစက်ခံရသော ကြွက်များတွင် ယင်းတို့၏ အဆုတ်များထဲ ဗိုင်းရပ်စ် ကင်းစင်သွားပြီးနောက်ပိုင်းတွင်တောင် ဦး‌နှောက်၌ ကူးစက်ခံရမှုကြောင့် ပြင်းထန်နာမကျန်းဖြစ်မှု ဖြစ်ပေါ်ခဲ့သည်ကို ဂျော်ဂျီယာ ပြည်နယ် တက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ နာမကျန်းမှုကို ကျော်လွှားနိုင်လုနီးပါး ဖြစ်ပုံပေါ်သည့် လူသားလူနာများသည် တစ်ခါတစ်ရံ အလျင်အမြန်ပင် ရောဂါပြန်ထပြီး သေဆုံးသွားမှုမျိုး မည်သည့်အတွက်ကြောင့် ဖြစ်ရသည် ဆိုသည်ကို ယခုတွေ့ရှိချက်များက ရှင်းပြပေးနိုင်ကြောင်း ဦးဆောင်သုတေသီနှင့် လေ့လာချက်ကို ပူးတွဲ‌‌ရေးသားသူ မူကက်ရှ် ကူးမားက အဆိုပြုပြောကြားသည်။

“ဦးနှောက်က ဗိုင်းရပ်စ်တွေ ခိုအောင်းလိုတဲ့ နေရာတွေအနက်က တစ်ခုဖြစ်တယ်” ဟု ကူးမားက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ “ဒါကြောင့်လည်းပဲ ကျွန်တော်တို့ဟာ အနံ့ပျောက်တာ၊ အရသာပျောက်တာနဲ့အတူ ဒီနောက်ဆက်တွဲ ဝေဒနာတွေအားလုံးနဲ့ နှလုံးရောဂါ ၊ လေဖြတ်တာလိုမျိုး ဒီလို လက္ခဏာရပ် အားလုံးနဲ့ ပြင်းထန် ရောဂါ အခြေအနေကို တွေ့မြင်ရတာ ဖြစ်ပါတယ်၊ ဒါတွေအားလုံးက အဆုတ်တွေထက်စာရင် ဦးနှောက်နဲ့ ဆက်နွယ်ပတ်သက်နေတာ ဖြစ်ပါလိမ့်မယ်”  ဟုလည်း ၎င်းက ကောက်ချက်ချပြောသည်။

ဗိုင်းရပ်စ်သည် ကိုယ်ခန္ဓာ၏ အခြားသော ဧရိယာများထက် အဆ ၁,၀၀၀ ပိုမိုမြင့်မားသော လယ်ဗယ်တစ်ခုနှင့်အတူ ကြွက်များ၏ ဦးနှောက်များထဲ တည်ရှိနေခဲ့သည်ကို လေ့လာချက်တွင်တွေ့ရှိခဲ့သည်။ ကူးစက်မှု သုံးရက်ကြာပြီးနောက် အဆုတ်များတွင် ရှိသည့် ဗိုင်းရပ်စ်လယ်ဗယ်များသည် စတင် လျော့နည်းလာသော်လည်း ဦး‌နှောက်ထဲတွင်မူ ငါးရက် နှင့် ခြောက်ရက်‌မြောက်နေ့အထိ ဗိုင်းရပ်စ်သည် မြင့်မားသော လယ်ဗယ်များနှင့် ဆက်ရှိနေကာ ရောဂါ၏ အခြေအနေသည် ပိုမို ပြင်းထန်လာခဲ့သည်။

“ဒါက အသက်ရှုလမ်းကြောင်း ရောဂါတစ်ခုထက် ပိုတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယူဆချက်က သေချာပေါက်တော့ မမှန်ကန်ပါဘူး” ဟု ကူးမားက ပြောသည်။ “အဲဒါက ဦးနှောက်ကို ကူးစက်တာနဲ့ တပြိုင်နက် အဲဒါက ဘာမဆိုကိုပဲဖြစ်ဖြစ် ထိခိုက်သက်ရောက်နိုင်ပါတယ်၊ဘာလို့လဲဆိုတော့ ဦးနှောက်က ခင်ဗျားတို့ရဲ့ အဆုတ်တွေ၊ နှလုံးနဲ့ အရာအားလုံးကို ထိန်းချုပ်နေတာပါ၊ ဦးနှောက်က အရမ်းကို ထိခိုက်လွယ် တုံ့ပြန်တတ်တဲ့ အင်္ဂါတစ်ခုပါ၊ အဲဒါက အရာအားလုံးအတွက် ဗဟိုတွက်ချက်ဆောင်ရွက်တဲ့ အရာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ဦးနှောက်သို့ ရောက်သွားသည့် အခြေအနေတွင် လူနာများကို ယေဘုယျအားဖြင့် မှတ်ဥာဏ် လျော့ကျခြင်းနှင့် ကိုယ်ခံအား စံလွဲရောဂါ (autoimmune disease) များနှင့်အတူ ပါကင်ဆန် ရောဂါ (အကြောအားနည်း၍ ခြေလက်တုန်သော ရောဂါ) နှင့် Multiple Sclerosis (အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု ထိန်းမနိုင်ဖြစ်သော ‌ရောဂါ) တို့ကဲ့သို့ အာရုံကြောဆိုင်ရာ ရောဂါအခြေအနေများအပါအ၀င် ရှေ့ကာလအနာဂတ်တွင် အခြားသော ပြင်းထန်ကျန်းမာရေး အခြေအနေများကို ခံနိုင်ရည်မရှိစေဘဲ ဖြစ်စေနိုင်ကြောင်း ကူးမားက ပြောသည်။

“ဒါက ကြောက်စရာ ကောင်းပါတယ်၊ လူအများအပြားက သူတို့ ကိုဗစ် ကူးခံရတယ်၊ ပြီးတော့ ပြန်သက်သာသွားခဲ့တယ်၊ ခုချိန်မှာ အခြေအနေဆိုးကနေ လွတ်မြောက်ပြီလို ထင်ကြပါတယ်၊ ခုချိန်မှာ အဲဒါက ဘယ်တော့မှ မှန်ကန်မှာမဟုတ်‌တော့ဘူးဆိုသလိုမျိုး ကျွန်တော် ခံစားမိပါတယ်၊ ခင်ဗျားအနေနဲ့ အခြေအနေဆိုးကနေ ဘယ်သောအခါမှ မလွတ်‌မြောက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အာရုံကြောဆိုင်ရာ လက္ခဏာရပ်များသည် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများအတွက် အတော်အသင့် ဖြစ်နေကျ ရှိလိမ့်မည်ဟု သိထားကြသည်။ သို့သော် ကြွက်ဦးနှောက်များသည် ဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ခံနိုင်ရည်မရှိကြောင်း လေ့လာချက်အများအပြားက ညွန်ပြထားခဲ့သော်ငြားဗိုင်းရပ်စ်သည် လူသားများ၏ ဦးနှောက်များတွင် ကူးစက်ပြီး စုစည်းနေနိုင်သည် ဆိုသည့် အယူအဆကို ထောက်ကူပံ့ပိုးမည့် ပြည့်စုံခိုင်လုံသော သက်သေအထောက်အထားကို သုတေသနပြုလုပ်ချက်က ထုတ်ပေးထားခဲ့ခြင်း မရှိပေ။ အာရုံကြောဆိုင်ရာ လက္ခဏာများသည် ဦးနှောက်သို့ တိုက်ရိုက်ကူးစက်မှုတစ်ခုထက် စာပါက ကိုယ်ခံအားတုံ့ပြန်မှုတစ်ခုကြောင့် ဖြစ်စေနိုင်သည်။

အာရုံကြောဆိုင်ရာ ဖောက်ပြန်မှုများနှင့် လေဖြတ်ခြင်းဆိုင်ရာ အမျိုးသား အင်စတီကျူ့မှ မကြာသေးခင်က လုပ်‌ဆောင်ခဲ့သော လေ့လာချက်တစ်ခုကို အမျိုးသားကျန်းမာရေး အင်စတီကျူ့မှ ညွှန်ကြားရေးမှူး ‌ဒေါက်တာ ဖရန်စစ် ကောလင်းစ် ပြီးခဲ့သည့်အပတ်က ရေးသားခဲ့သော ဘလော့ဂ်ပို့စ်တစ်ခုတွင် ပြည့်ပြည့်စုံစုံ ဖော်ပြထားခဲ့သည်။ ထိုလေ့လာချက်ထဲတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သူ ၁၉ ဦးထံမှ ခန္ဓာကိုယ်အသားစ တစ်ရှုးနမူနာများထဲတွင် ဦးနှောက်ထိခိုက်မှုကို တွေ့ရှိထားခဲ့သော်လည်း ဗိုင်းရပ်စ်သည် ဦးနှောက်တစ်ရှုး သက်သက်ကို ကူးစက်ထားခဲ့သည် ဆိုသည့် အထောက်အထား သက်သေ မရှိခဲ့ပေ။

“တွေ့ရှိချက်တွေ အတော် စိတ်၀င်စားဖွယ်‌ ကောင်းပါတယ်၊ ဘာလို့လဲဆို‌တော့ SARS-CoV-2 က ဦးနှောက်နှင့်သွေးကြား အရံအတား (blood-brain barrier) ကျော်ဖြတ်သွားကောင်းသွားနိုင်ပြီး ဦးနှောက်ထဲ ချဥ်းနင်း၀င်ရောက်နိုင်တယ်ဆိုပြီး ကြွက်တွေနဲ့ လုပ်ခဲ့တဲ့ လေ့လာချက်တွေအပေါ် အခြေခံတဲ့အဆိုပြုချက်တစ်ချို့ ရှိနေခဲ့လို့ ဖြစ်ပါတယ်” ဟု ကောလင်းစ်က ရေးခဲ့သည်။ ကိုဗစ်-၁၉ ဖြစ်ပြီး နောက်ဆက်တွဲရောဂါကြောင့် သေဆုံးခဲ့သူ သုံးဦး၏ ဦးနှောက်များထဲ၌ ဗိုင်းရပ်စ် အထောက်အထားကို Journal of Experimental Medicine ဂျာနယ်တွင် ဖော်ပြခဲ့သည့် အခြားလေ့လာချက်တစ်ခုတွင် တွေ့ရှိထားခဲ့သည်ဆိုပြီး ၎င်းက မှတ်ချက်ပြုခဲ့သည်။

“ သုတေသနတွေ ထပ်လုပ်ဖို့ လိုအပ်တယ်ဆိုတာက သိသာထင်ရှားပါတယ်” ဟု ကောလင်းစ်က ဆိုသည်။ “ ကိုဗစ်-၁၉ က ခန္ဓာကိုယ်ကို ကသောင်းကနင်း ဖြစ်စေတဲ့ နည်းလမ်းအများအပြားကို ကျွန်တော်တို့ ပိုပြီး သိရှိတာနဲ့အတူ အာရုံကြော လက္ခဏာတွေနဲ့ပတ်သက်လို့ သဘောပေါက်နားလည်မှုက လူတွေကို ကူညီရာမှာ အလွန်အရေးပါနေပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly