‘အာရှ၏ အယ်လ်ချာပို’ ဟု အမည်တွင်သော မူးယစ်ရာဇာကို အမ်စတာဒမ် လေဆိပ်၌ ဖမ်းမိ

By ABC.net
24 January 2021
‘အာရှ၏ အယ်လ်ချာပို’ ဟု အမည်တွင်သော မူးယစ်ရာဇာကို အမ်စတာဒမ် လေဆိပ်၌ ဖမ်းမိ

ဇန်နဝါရီ ၂၄

မက္ကဆီကို မူးယစ်ရာဇာ ယော်ကွင်း “အယ်လ်ချာပို” ဂုဇ်မန်းနှင့် ခိုင်းနှိုင်းခံရသည့် အာရှ မူးယစ်ဂိုဏ်းအဖွဲ့ ခေါင်းဆောင်တစ်ဦးကို နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ Schipol လေဆိပ်၌ လေယာဉ်တစ်စင်းပေါ်တက်စဉ်အချိန်တွင် ဖမ်းဆီးမိခဲ့ပြီး ယခုအခါ ၎င်းကို နယ်သာလန်ကနေ သြစတြေးလျနိုင်ငံသို့ လွှဲအပ်ရေးအတွက် သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့ (AFP) က ကြိုးပမ်းလျက် ရှိသည်။

သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့ (AFP) ၏ ပန်ကြားချက်အရ အဆိုပါ အာရှမူးယစ်ရာဇာ ဆီခိုင်လော့ပ် (Tse Chi Lop) ကို ဒက်ချ် ရဲတပ်ဖွဲ့က ပြီးခဲ့သည့် သောကြာနေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် မွေးဖွားသည့် ကနေဒါနိုင်ငံသားတစ်‌ယောက်ဖြစ်သော ဆီခိုင်လော့ပ်အတွက် ဖမ်းဝရန်းတစ်ခုနှင့် အင်တာပိုလ် Red Diffusion ပန်ကြားဖြန့်‌‌ဝေစာတစ်စောင်ကို ယင်းမတိုင်မီကလည်း ထုတ်ထားခဲ့သည်။

မစ္စတာ ဆီ သည် ကမ္ဘာပေါ်တွင် အလိုရှိခြင်းအခံရဆုံး တရားခံပြေးများအနက် တစ်ဦး ဖြစ်ပြီး ၎င်း၏ မူးယစ်ဂိုဏ်းအဖွဲ့ကြီးသည် တစ်နှစ်ကို ‌ဒေါ်လာ ၉၀ ဘီလီယံရှိ အာရှ-ပစိဖိတ် မူးယစ်ကုန်သွယ်မှုကို ကြီးစိုးသည်ဟု AFP က ပြောသည်။

နိုင်ငံ ငါးနိုင်ငံ၌ လှုပ်ရှားနေသော ကမ္ဘာလုံးဆိုင်ရာ ပြစ်မှုကျူးလွန်သည့် ဂိုဏ်းအဖွဲ့တစ်ခုကို ဖြိုဖျက်ခဲ့သည့် Operation Volante စစ်ဆင်ရေး နှင့် မစ္စတာ ဆီ တို့ ဆက်နွယ်ပတ်သက်မှုအတွက် အဆိုပါ အသက် ၅၇ နှစ်ရှိ မူးယစ်ရာဇာ မစ္စတာ ဆီကို သြစတြေးလျတွင်လည်း အလိုရှိနေခဲ့သည်။
AFP ဦးဆောင်သော စစ်ဆင်ရေးအတွင်း ၂၀၁၃ ခုနှစ်က သြစတြေးလျနိုင်ငံထဲသို့ ဘိန်းဖြူနှင့် မက်သမ်ဖက်တမင်း “ပမာဏ အများအပြား” တင်သွင်း၊ကုန်ကူးမှုအတွက် လူပေါင်း ၂၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း AFP က ပြောသည်။

မစ္စတာ ဆီ အတွက် တရားဝင်ဖြစ်သည့် တရားခံ လွှဲပြောင်းအပ်နှံမှု ပန်ကြားချက်တစ်ခုကို ပြင်ဆင်ရန် ရှေ့နေချုပ် ခရစ်တီယန် ပေါ်တာ၏ ဌာနနှင့် အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း AFP က ထုတ်ပြန်သည်။

မစ္စတာ ဆီကို တရားသူကြီးတစ်ဦး၏ ရှေ့မှောက် စစ်ဆေးမှုတစ်ခု လုပ်ဆောင်ပြီးပါက ပြစ်မှုကျူးလွန်ခဲ့ရာ နိုင်ငံသို့ တရားခံလွှဲအပ်မှုကို လုပ်ဆောင်ဖွယ် ရှိကြောင်း ဒက်ချ်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် အေလင်းက ပြောသည်။ မစ္စတာ ဆီသည် ကနေဒါသို့ ထွက်ခွာပျံသန်းမည့် လေယာဉ်တစ်စင်းပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့စဉ် လေဆိပ်၌ ၎င်းအား တစုံတရာ ဆူပူထိခိုက်မှု မရှိဘဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒက်ချ်ရဲတပ်ဖွဲ့က ပြောသည်။

“သူက အလိုအရှိဆုံး စာရင်းထဲမှာ ရှိနေပြီးသားသူပါ၊ ကျွန်တော်တို့ ရရှိတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်အရ သူ့ကို ဖမ်းဆီးခဲ့တာပါ” ဟု မစ္စတာ အေလင်းက ပြောသည်။

ဥပ‌ဒေဆိုင်ရာ တရားစွဲခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဒက်ချ်ရဲတပ်ဖွဲ့က ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိသလို မစ္စတာ ဆီ တွင် ရှေ့နေတစ်ဦး ရှိနေသလား ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။

မစ္စတာ ဆီကို  “အခြားသော ဥပဒေစိုးမိုးရေး အေဂျင်စီများ” ထံမှ စိတ်ဝင်စားမှုများလည်း ရှိနေကြောင်း AFP က ပြောသည်။

တိုရွန်တိုမြို့တွင် နေထိုင်ခဲ့ဖူးပြီး အကျဉ်းသားဟောင်းတစ်ဦး ဖြစ်ခဲ့သည့် မစ္စတာဆီသည် ပြီးခဲ့သည့် နှစ်များအတွင်း မကာအို၊ ဟောင်ကောင် နှင့်ထိုင်ဝမ် အကြား ပြောင်းရွှေ့နေထိုင်နေခဲ့ကြောင်း နိုင်ငံလေးနိုင်ငံမှ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး တာဝန်ရှိသူများ၏ ပြောကြားချက်များနှင့် ရိုက်တာမှ ယခင် လေ့လာသုံးသပ်ထားခဲ့သော အထောက်အထားများအရ သိရသည်။

“ဆီ ခိုင်လော့ပ်က အယ်လ်ချာပို ဒါမှမဟုတ် ပါဘလို အက်စ်ကိုးဘား ရဲ့ မူးယစ်အဖွဲ့ချုပ်ထဲမှာ ရှိနေသူပါ” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံးမှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ကိုယ်စားလှယ် ဂျရမီး ဒေါက်ဂလပ်စ်က အမေရိက၏ နာမည်ဆိုးအထွက်ဆုံး မူးယစ်ဂိုဏ်းအဖွဲ့ကြီးနှစ်ခုကို ရည်ညွန်းရင်း ၂၀၁၉ ခုနှစ်က ရိုက်တာကို ပြောခဲ့သည်။

၎င်း ဦးစီးလုပ်ကိုင်နေခဲ့သည်ဟု သံသယရှိရသော မူးယစ်ဂိုဏ်းအဖွဲ့ကို ယင်း၏ မန်ဘာ အဖွဲ့ဝင်များက The Company ကုမ္ပဏီဟု ခေါ်ခဲ့သည်။

အာဏာပိုင်များသည် အဆိုပါ အဖွဲ့ကို ဆမ်ဂေါ Sam Gor သို့မဟုတ် ကန်တုန်ဘာသာစကားဖြင့် ညီအကိုနံပါတ်သုံး (မစ္စတာ ဆီ၏ အမည်ပြောင်တစ်ခုကို အစွဲပြု၍) အဖြစ် ရည်ညွှန်းခဲ့ကြောင်း ရိုက်တာက ထိုစဉ်က ဖော်ပြခဲ့သည်။

မစ္စတာ ဆီကို “အာရှ၏ အယ်လ်ချာပို” ဟု ညွှန်းဆိုခဲ့သည့် ၂၀၁၉ သတင်းဖော်ပြချက်တစ်ခုအတွက် ရိုက်တာသည် မစ္စတာ ဆီကို ဆက်သွယ်နိုင်ခဲ့ခြင်းမရှိပေ။

မစ္စတာ ဆီသည် “Sam Gor ဂိုဏ်းအဖွဲ့၏ စီနီယာခေါင်းဆောင်” ဖြစ်သည်ဟု AFP က စွပ်စွဲသည်။

အဆိုပါ အဖွဲ့သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီနောက်ပိုင်း မူးယစ် မှောင်ခိုကုန်သွယ်မှု “အနည်းဆုံး ၁၃ ခု နှင့် ဆက်နွယ်ပတ်သက် သို့မဟုတ် တိုက်ရိုက် ပါဝင်ပတ်သက်” နေခဲ့သည်ဟု ရိုက်တာက ကိုးကားဖော်ပြခဲ့သည့် အထောက်အထားများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly