TNLA မှဖမ်းဆီးသွားသော ကျေးရွာအုပ်ချုပ်ရေးမှူး ဒဏ်ရာများဖြင့် ပြန်လွတ်လာ

By မွေလျန်း
24 January 2021
TNLA မှဖမ်းဆီးသွားသော ကျေးရွာအုပ်ချုပ်ရေးမှူး ဒဏ်ရာများဖြင့် ပြန်လွတ်လာ

ဇန်နဝါရီ ၂၄

TNLA တအောင်းန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းခံခဲ့ရသော ကျောက်မဲမြို့နယ် ၊မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးသည် နောက်တစ်ရက်တွင် ဒဏ်ရာများဖြင့် ပြန်လွတ်လာကြောင်းကျေးရွာရပ်မိရပ်ဖများထံမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊မိုင်းလုံမြို့ရှိ မင်းကုန်း- တော့ဆန် လမ်းကို TNLA ဘက်က ပိတ်ထားတာကြောင့် လမ်းဖွင့်ပေးရေး သွားရောက်ညှိနှိုင်းခဲ့တဲ့ မင်းကုန်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး စိုင်းတင်မြင့်ကို ဇန်နဝါရီလ ၁၈ ရက်နေ့ က တအောင်းန်းလက်နက်ကိုင်တပ်ဖွဲ့ TNLA မှ နေအိမ်တွင်လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

မင်းကုန်းကျေးရွာမှ ဒေသခံရပ်မိရပ်ဖတစ်ဦးက"ကျနော်တို့အုပ်ချုပ်ရေးမှူးက TNLA ဘက်က မင်းကုန်း- တော့ဆန် လမ်းကိုပိတ်ထားတော့ ဒီဘက်ကိုရိက္ခာပို့တဲ့ကားတွေလာခွင့်ပေးဖို့ အဲ့နေ့ မနက်မှာသွားတောင်းပန်တယ်၊ ညဘက်ရောက် တော့အိမ်ကိုလာဖမ်းသွားတယ်၊သံဃာတော်တွေ ဝိုင်းတောင်းပန်လို့နောက်တစ်ရက်ကြာတော့ပြန်လွှတ်ပေးလိုက်တယ်" ဟုပြောသည်။

ပြန်လွှတ်ပေးလိုက်ပေမယ့် အုပ်ချုပ်ရေးမှူးမှာ နောက်ကျော ၊ရင်ဘတ်နဲ့ခြေထောက်တွေမှာအတွင်းဒဏ်ရာများရရှိထားတာကြောင့်လက်ရှိအချိန်အထိ အိပ်ရာထဲလဲနေကာ နေအိမ်တွင်ဆေးဝါးကုသနေရကြောင်းသိရသည်။

TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်အားဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကိစ္စနှင့်ပတ်သက် ပြီးသိရှိခြင်းမရှိကြောင်းပြောသည်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းထွန်းညာဏ်မှ မင်းကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို TNLA မှဖမ်းဆီးခေါ်ဆောင် သွားသည်မှာ မှန်ကန်ကြောင်းနှင့်ပြန်လွတ်လာသည်ကိုလဲသိရကြောင်း ပြောကြားသည်။

ကျောက်မဲမြို့နယ်သည်ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လက်နက်ကိုင်ပဋိပက္ခ အဖြစ်ပွားဆုံးနေရာဖြစ်ပြီး ဒေသခံများသည်လူ့အခွင့်အရေးချိုးဖောက်မှုများကို မကြာခဏကြုံတွေ့နေရသောနေရာလည်းဖြစ်သည်။ လက်ရှိအချိန်ထိ မင်းကုန်း- တော့ဆန်ရွာ လမ်းအားပြန်ဖွင့်ပေးခြင်းမရှိသေးသည့်အတွက် ဒေသခံများအခက်အခဲကြုံနေရကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly