ကိုဗစ်ကြောင့် ပိတ်ထားသည့် စင်ခွန်-မောတောင် နယ်စပ်ဂိတ် ပြန်ဖွင့်ရန် ထိုင်း စီစဉ်

ကိုဗစ်ကြောင့် ပိတ်ထားသည့် စင်ခွန်-မောတောင် နယ်စပ်ဂိတ် ပြန်ဖွင့်ရန် ထိုင်း စီစဉ်
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

ဇန်နဝါရီ ၂၄၊ ၂၀၂၁

ကိုဗစ် ကူးစက်မှုများ မြင့်တက်ခဲ့၍ တနင်္သာရီ တိုင်းဒေသကြီးရှိ မြန်မာ-ထိုင်း နယ်စပ်ဂိတ် ဖြစ်သည့် စင်ခွန်-မောတောင် နယ်စပ်ဂိတ်အား လာမည့် ဖေဖော်ဝါရီလ ပထမ အပတ်တွင် ပြန်လည် ဖွင့်လှစ်ရန် ထိုင်းအစိုးရမှ စီစဉ်နေကြောင်း သိရသည်။

အဆိုပါ စင်ခွန်-မောတောင် နယ်စပ် ကုန်သွယ်ရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

ပရာကျွတ် ခီရီခန်ခရိုင် မောင်နှမမြို့တော် ဆက်ဆံရေး တာဝန်ခံ ဦးအောင်ကြည်မြင့်က “နယ်စပ်ဂိတ်ကို ဘာကြောင့် ပိတ်ထားခဲ့သလဲဆိုတော့ အဲဒီတုန်းက ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ထိုင်းဖက်မှာလည်း ရေလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အလုပ်ရုံတွေမှာ ရွှေ့ပြောင်း အလုပ်သမားတွေမှာ ကိုဗစ် ကူးစက်မှုက အရမ်းကို များခဲ့တာ ဖြစ်လို့ ပိတ်လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံတို့တွင် ကိုဗစ် ကူးစက်မှု လျော့ကျလာခြင်းဖြစ်၍ လာမည့် ဖေဖော်ဝါရီလ ပထမ သီတင်းပတ်တွင် ကုန်သွယ်ရေးဂိတ်ကို ပြန်ဖွင့်ရန် ထိုင်းနိုင်ငံ ပရာကျွတ် ခီရီခန် ခရိုင်ဝန်မှ ပြင်ဆင်နေကြောင်း သိရသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

“လက်ရှိက ထိုင်းဘက်ကလည်း ရောဂါ ထိန်းချုပ်၊ ကာကွယ်နိုင်တာ ဖြစ်လို့ နောက်ပြီး မြိတ်ခရိုင်မှာလည်း အခု ရက်ပိုင်းတွေအထိ ကိုဗစ် ကူးစက်မှုတွေလည်း လျော့ကျလာတယ်။ အဲဒီတော့ နှစ်ဖက်နိုင်ငံရှိ ကုန်သွယ်ရေးလုပ်ငန်းကို ပြန်စဖို့ ရှိနေတယ်” ဟု ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောသည်။

စင်ခွန်-မောတောင် နယ်စပ် ကုန်သွယ်ရေးဂိတ်သည် မြိတ်ခရိုင်၏ အရှေ့ဘက် ကုန်သွယ်ရေး တံခါးပေါက်တစ်ခုဖြစ်ပြီး မြိတ်မြို့မှ ကီလိုမီတာ ၁၈၀ ခန့်သာ ဝေးကွာကာ ကောင်းမွန်သော ကားလမ်းမကြီးနှင့် ခိုင်ခံ့သော တံတားများက မြိတ်ခရိုင်မှ ထွက်ရှိသော ရေထွက်ကုန် ပစ္စည်းများကို အချိန်တိုအတွင်း အလွယ်တကူ တင်ပို့ ရောင်းချနိုင်ရန် အထောက်အကူ ပေးလျက် ရှိသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

သို့သော် ထိုင်းနိုင်ငံဘက်မှ စင်ခွန်ဂိတ်မှာ အထူး ယာယီအဖြစ်သာ ဖွင့်လှစ်ထားခြင်းကြောင့် ယင်းဂိတ်အား ထိုင်းဘက်မှ တရားဝင် ဖွင့်လှစ်လိုက်ပါက မြိတ်ခရိုင်၏ အနာဂတ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်ဖြင့် ပံ့ပိုးပေးနိုင်သော နယ်စပ် ကုန်သွယ်ရေးဂိတ်လည်း ဖြစ်လာနိုင်ကြောင်း မြိတ်ခရိုင်ရှိ ကုန်သွယ်ရေး လုပ်ကိုင်နေသူ လုပ်ငန်းရှင်များက ပြောသည်။

စင်ခွန်-မောတောင် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ ကျပ်၊ ထိုင်း ဘတ်ငွေ၊ အမေရိကန် ဒေါ်လာတို့ဖြင့် ကုန်သွယ်ခွင့်ပြုကြောင်း၊ ကုန်သွယ်ပစ္စည်းများမှာ ကဏန်း အရှင်များ၊ ငါး၊ ပြည်ကြီးငါး၊ ဆာဒင်းငါး၊ အေးခဲ ပုစွန်ထုပ်၊ ကျောက်ဖရုံသီးနှင့် ရာဘာတို့ အများဆုံး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly