ရုရှားမှာ နာဗယ်ညီကို ထောက်ခံဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ပြီး ဆန္ဒပြသူထောင်ချီ အဖမ်းခံရ

ရုရှားမှာ နာဗယ်ညီကို ထောက်ခံဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ပြီး ဆန္ဒပြသူထောင်ချီ အဖမ်းခံရ
Photo - AFP

ဇန်နဝါရီ ၂၄

ရုရှားနိုင်ငံမှာ ဖမ်းဆီးခံအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်ညီ လွတ်‌‌မြောက်ရေး တောင်းဆိုဆန္ဒပြပွဲတွေ ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အတိုက်အခံ ခေါင်းဆောင် နာဗယ်ညီ လွတ်မြောက်ရေး တောင်းဆိုဖို့နဲ့ ရုရှားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအ‌ပေါ် ရှုတ်ချဖို့ လမ်းတွေပေါ် ထွက်ကာ ဆန္ဒပြခဲ့ကြပြီး နိုင်ငံတဝန်း မြို့ကြီးတွေမှာ ပေါ်ပေါက်ခဲ့တဲ့ အဆိုပါ ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသူပေါင်း ၂,၅၀၀ ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂျာမနီကနေ နိုင်ငံကို ပြန်ရောက်လာလာချင်း မော်စကိုလေဆိပ်တစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နာဗယ်ညီက ရုရှားပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ကြဖို့ တိုက်တွန်းထားခဲ့တဲ့နောက် ခုလိုမျိုး နိုင်ငံတဝန်း လူ‌ပေါင်း သောင်းချီတို့က ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

နာဗယ်ညီကတော့ အာရုံကြော အဆိပ်တစ်မျိုးမိခဲ့ပြီး အသက်သေလုနီးပါး အခြေအနေနဲ့ ကြုံခဲ့ရပြီးနောက် ပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီး နိုင်ငံကို ပြန်လာရာမှာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ယခု ရုရှားဆန္ဒပြပွဲတွေမှာ ဖမ်းဆီးမှုတွေနဲ့ ဆန္ဒပြသူတွေအပေါ် ကျင့်သုံးလုပ်ဆောင်ခဲ့တဲ့ နည်းလမ်းတွေနဲ့ပတ်သက်လို့ ဝါရှင်တန်နဲ့ ဘရက်ဆဲလ်တို့က ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ယခု အခြေအနေအပေါ် အီးယူအုပ်စုအနေနဲ့ “ဘယ်လို ဆက်လက်လုပ်ဆောင်သွားမလဲ” ဆိုတာနဲ့ပတ်သက်လို့ လာမယ့် တနင်္လာနေ့မှာ ဆွေး‌နွေးသွားမယ်လို့ အီးယူ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က ပြောခဲ့ပါတယ်။

စနေနေ့ ဆန္ဒပြတွေကတော့ မကြုံစဖူး ကြီးမားကျယ်ပြန့်တဲ့ နေရာအတိုင်းအတာတစ်ခုအထိ နေရာယူခဲ့ပြီး ရုရှားနိုင်ငံတဝန်း မြို့ပေါင်း ၁၀၀ ကျော်မှာ လွှမ်းခြုံဖြန့်ကျက်ပြီး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ၂၀၁၂ နဲ့ ၂၀၁၉ တို့မှာ ဖြစ်ပွားခဲ့တဲ့ ယခင် အရွယ်အစားကြီး အတိုက်အခံ ဆန္ဒပြပွဲတွေကတော့ များသောအားဖြင့် မော်စကိုမှာသာ ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။

ရုရှားအစိုးရဘက်က ‌ဝေဖန်သူတွေအပေါ် တိုးမြှင့်ဖိအားပေးနေခဲ့လင့်ကစား ယခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ရှိနေတဲ့ ပါလီမန်ရွေးကောက်ပွဲတွေမတိုင်ခင် အတိုက်အခံတွေရဲ့ လှုံ့ဆော်စည်းရုံးနိုင်စွမ်းနဲ့ပတ်သက်လို့ စမ်းသပ်မှုတစ်ခုအဖြစ် ယခုဆန္ဒပြပွဲတွေကို ရှုမြင်နိုင်ပါတယ်။

မော်စကိုမှာတော့ ဆန္ဒပြသူတွေဟာ ပွတ်ရှ်ကင် ရင်ပြင်မှာ စုဝေးခဲ့ကြပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေကို နှင်းဆုပ်လုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ၎င်းတို့ကိုတော့ နံပါတ်တုတ်တွေ ကိုင်ထားတဲ့ အဓိကရုဏ်းရဲတွေက ပြန်လည် ရိုက်နှက်ပြီး လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဆန္ဒပြသူတွေဟာ ရုရှားအစိုးရအိမ်‌တော်အထိ ချီတက်ခဲ့ကြပေမယ့် လူစုခွဲခံခဲ့ကြရပါတယ်။ အခြေအနေတစ်ခုမှာတော့ ဆန္ဒပြသူတွေဟာ မော်စကို ဆပ်ကပ်ပြပွဲနေရာရဲ့ လှေကားထစ်တွေပေါ်မှာ စု‌ဝေးခဲ့ကြပြီး ဆဲလ်ဖုန်းမီးတွေနဲ့ လူအုပ်ကို အလင်းရောင်ပေးခဲ့သလို ရဲကားတစ်စီးကိုလည်း နှင်းလုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

“ယူနီဖောင်းတွေ ဝတ်ထားတဲ့ ရာဇဝတ်သားတွေက အဓိက ပဲ့ကိုင်နေတဲ့ ရာဇဝတ်သားတွေကို အကာအကွယ်ပေးနေတယ်” လို့ အသက် ၇၁ နှစ်အရွယ် အငြိမ်းစားတစ်ဦးဖြစ်တဲ့ ဗီရာ စပီဗက်ကိုဗာက အေအက်ဖ်ပီကို ပြောပါတယ်။

“ပူတင်နဲ့ အပေါင်းပါတွေက ခုချိန်မှာ သူတို့ရဲ့ စားခွက် ပျောက်မှာကို စိုးရိမ်နေကြပြီလေ” လို့လည်း သူမက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly