ဇန်နဝါရီလ ၂၃ ၊ ၂၀၂၁
အမေရိကန် ဆီးနိတ်လွှတ်တော်ဟာ အငြိမ်းစားဗိုလ်ချုပ်ကြီး လွိုက်အော်စတင်းကို ကာကွယ်ရေးဝန်ကြီးအဖြစ် သောကြာနေ့မှာ အတည်ပြုလိုက်ပြီဖြစ်တာကြောင့် သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့ နာမည်စာရင်း ရွေးချယ်တဲ့ ကက်ဘိနက်အစိုးရစာရင်းမှာ ဒုတိယမြောက်အဖြစ် အတည်ပြုခံရသူဖြစ်သလို ပင်တဂွန်ကို ဦးစီးဦးဆောင်ပြုမယ့် ပထမဆုံး လူမည်းတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
အော်စတင်းကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုမဲပေးရာမှာ ဘိုင်ဒင်ရဲ့ ဒီမိုကရက်တွေတင်မက အတိုက်အခံ ရီပတ်ဘလီကန်တွေကပါ တခဲနက် ထောက်ခံခဲ့တာ ဖြစ်ပြီး ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ အတည်ပြုလိုက်တာပါ။
ပင်တဂွန်အနေနဲ့ ရာထူးအဆင့်တွေမှာ လူမျိုးရေးခွဲခြားမှု အမြစ်ပြတ်ရေးကို ကြီးကြီးမားမား ဖယ်ရှားပစ်ဖို့နဲ့ လူနည်းစုတွေအတွက် ခေါင်းဆောင်ပိုင်းအဆင့် အခွင့်အရေးတွေ ပိုမိုပေးအပ်ဖို့ လိုအပ်နေတဲ့ အချိန်မှာ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးဟောင်း အော်စတင်းဟာ ပင်တဂွန်ကို ဦးဆောင်ရမယ့် ပထမဆုံး လူမည်းဖြစ်လာတော့မှာပါ။
ဥပဒေတစ်ရပ်အရ အမေရိကန်စစ်တပ်ကို ဦးဆောင်သူဟာ အရပ်သား ဖြစ်ရမယ်၊ ဒါမှမဟုတ်ရင်လည်း စစ်တပ်က ထွက်ခွာပြီးတာ အနည်းဆုံး ခုနစ်နှစ် ရှိရမယ့် စစ်မှုထမ်းဟောင်း ဖြစ်ဖို့ လိုအပ်ပေမယ့် ဂျိုးဘိုင်ဒင်က အော်စတင်းကို နာမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပြီး ဆီးနိတ်လွှတ်တော်က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
ဥပဒေပြဋ္ဌာန်းချက်ဟာ စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိနေစေဖို့အတွက်ဖြစ်ပြီး ကွန်ဂရက်လွှတ်တော်အနေနဲ့ ၂၀၁၆ မှာ အငြိမ်းစားယူခဲ့တဲ့ အော်စတင်းကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုပေးရဦးမှာ ဖြစ်ပါတယ်။
ဂျိုးဘိုင်ဒင်ဟာ အော်စတင်းကို ခုလို ရွေးချယ်တာဟာ သမ္မတဟောင်း အိုဘားမားလက်ထက်မှာ သူ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ကောင်းစွာ သိကျွမ်းမှု ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ West Point စစ်တက္ကသိုလ်ထွက်ဖြစ်ပြီး စစ်မှုထမ်းသက် နှစ်လေးဆယ်ရှိတဲ့ အော်စတင်းဟာ အီရတ်မှာ အမေရိကန်တပ်တွေရဲ့ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီနောက် ၂၀၁၀ ကနေ ၂၀၁၆ အထိမှာ အရှေ့အလယ်ပိုင်းရေးရာ အမေရိကန်ဗဟိုကွပ်ကဲရေးတပ်မှူးအဖြစ် တာဝန်ထမ်းခဲ့တာ ဖြစ်ပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သားနဲ့ အီရတ်မှာ အတူစစ်မှူထမ်းခဲ့ချိန်မှာ ရင်းနှီးခဲ့တာကြောင့် ဂျိုးဘိုင်ဒင်နဲ့ အော်စတင်းတို့ဟာလည်း သိကျွမ်းရင်းနှီးမှု ရှိကြတာ ဖြစ်ပါတယ်။