ဘဂ္ဂဒက်မှာ အိုင်အက်စ်တို့ အသေခံ ဗုံးနှစ်လုံး ဆင့်ခွဲလို့ လူ ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁၀ ရှိ

ဘဂ္ဂဒက်မှာ အိုင်အက်စ်တို့ အသေခံ ဗုံးနှစ်လုံး ဆင့်ခွဲလို့ လူ ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁၀ ရှိ
Photo - AFP

ဇန်နဝါရီလ ၂၃ ၊ ၂၀၂၁

အီရတ်နိုင်ငံ ဘဂ္ဂဒက်မှာ အိုင်အက်စ်အဖွဲ့က ၎င်းတို့ လက်ချက်လို့ ဆိုထားတဲ့ အသေခံဗုံးနှစ်ကြိမ် ဆင့်ခွဲမှုအတွင်းမှာ သေဆုံးခဲ့ရသူ ၃၂ ဦးအတွက် ပူဆွေးဝမ်းနည်းစွာ အသုဘနာရေး ချကြပါတယ်။

ကြာသပတေးနေ့ ဖြစ်ပွားတဲ့ ဒီ ဗုံးနှစ်လုံး ဆင့်ခွဲမှုမှာ ဒဏ်ရာရသူ ၁၁၀ ရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေကို ဘဂ္ဂဒက်မြို့တော် တောင်ဖက် ကီလိုမီတာ ၂၀၀ အကွာက နာဂျက်ဖ်မြို့မှာ သောကြာနေ့ အစောပိုင်းက နာရေးချကြတာ ဖြစ်ပါတယ်။

သုံးနှစ်အတွင်းမှာ လူသေဆုံးမှု အများဆုံးဖြစ်တဲ့ ဒီ အသေခံဗုံးခွဲမှုကို အိုင်အက်စ်တွေဟာ ဘဂ္ဂဒက်အလယ်ပိုင်းက လူစည်ကားရာ ဈေးတစ်ဈေးကို ပစ်မှတ်ထားပြီး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ မြို့တော် တာယာရန်ရင်ပြင်က လူစည်ကားရာ ဈေးမှာ ပထမဗုံးခွဲသူဟာ နာမကျန်းဖြစ်ဟန်ဆောင်ပြီး လူစုဝေးလာအောင် လုပ်ပြီးမှ သူ့ရဲ့ ဖောက်ခွဲရေးခါးပတ်ကို ဖောက်ခွဲပစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီလို ဗုံးပေါက်ကွဲလို့ သေဆုံးထိခိက်သူတွေကို ကူညီဖို့ ဖြစ်တဲ့နေရာဆီ လူတွေ လာရောက်ချိန်မှာ ဒုတိယအသေခံဗုံးခွဲသမားက သူရဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲပစ်လိုက်တာ ဖြစ်ပါတယ်။

အခု ပေါက်ကွဲမှုဖြစ်ရာ ဈေးဟာ အဝတ်အထည်ဟောင်းတွေ ရောင်းတဲ့ လဟာပြင်ဈေးတစ်ဈေးဖြစ်ပြီး နိုင်ငံအနှံ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရာကနေ ပြန်ဖွင့်ချိန်မှာ လူတွေ စည်ကားစွာ ရောက်ရှိချိန် ခုလို ဗုံးနှစ်လုံးဆင့် ဖောက်ခွဲခံရတာ ဖြစ်ပါတယ်။

ဖြစ်ပွားရာ ဧရိယာကို လုံခြုံရေးတပ်တွေက တားဆီးပိတ်ဆို့ထားပြီး လမ်းတွေပေါ်မှာ သွေးစွန်းနေတဲ့ အဝတ်အစားတွေ ပြန့်ကျဲနေကြောင်း၊ ဆေးဖက်ဝန်ထမ်းတွေကလည်း ဒဏ်ရာရသူတွေကို အားချင်း သယ်ဆောင်သွားကြကြောင်း အခင်းဖြစ်ရာမှာ ရှိနေတဲ့ အေအက်ဖ်ပီ ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အများစုဟာ ဆေးရုံမှာ ပြုစုကုသချိန် သေဆုံးရတာ အများစုဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ညလယ်ပိုင်းမှာ အိုင်အက်စ်အဖွဲ့ဟာ အခု တိုက်ခိုက်မှုဟာ ၎င်းတို့ လက်ချက်ဖြစ်တယ်ဆိုပြီး အွန်လိုင်းဝါဒဖြန့်ချိရေး ချန်နယ်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required