ကူညီထောက်ပံ့ငွေ ပေးအပ်ရေးနဲ့ အနည်းဆုံးလုပ်အားခငွေ တိုးမြှင့်ရေးအမိန့်ညွှန်ကြားချက်များ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး

ကူညီထောက်ပံ့ငွေ ပေးအပ်ရေးနဲ့ အနည်းဆုံးလုပ်အားခငွေ တိုးမြှင့်ရေးအမိန့်ညွှန်ကြားချက်များ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး
Photo - AFP

ဇန်နဝါရီ ၂၃ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူအရေအတွက်ဟာ ၆၀၀ ၀၀၀ ကျော်သွားနိုင်တယ်လို့ သတိပေးလိုက်ပြီး ကိုဗစ်-၁၉ တိုက်ဖျက်ရေးနဲ့ ရုန်းကန်နေရတဲ့ အမေရိကန်ပြည်သူတွေအတွက် စီးပွားရေးပြန်လည်ကုစားဖို့ ဒေါ်လာ ၁.၉ ထရီလီယံ ကူညီထောက်ပံ့ရေးစီမံချက်ကို လျင်မြန်စွာလုပ်ဆောင်ဖို့ ကွန်ဂရက်ကို တိုက်တွန်းလိုက်ပါတယ်။

ဘိုင်ဒင်ဟာ ကိုဗစ်ဒဏ်ခံရတဲ့ မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေဆိုင်ရာ အမိန့်ညွှန်ကြားချက်တွေကို သောကြာနေ့က အိမ်ဖြူတော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က “အမေရိကန်ကူညီကယ်ဆယ်ရေးစီမံချက်မှာ တကယ်လိုအပ်နေတဲ့ နိုင်ငံသားအများစုအတွက် စီးပွားရေးကုစားမှုအစီအစဉ် တွေလည်းပါဝင်ပါတယ်။ နိုင်ငံသားတွေကို တစ်ဦးကို ဒေါ်လာ ၂ ၀၀၀ တိုက်ရိုက်ပေးအပ်မှုတွေလည်း ပြီးဆုံးအောင်လုပ်ဆောင်သွားမှာပါ။ ပြီးခဲ့တဲ့နှစ်က ပညာတတ်အလုပ်သမား ၆၀၀ ၀၀၀ လောက် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုမျိုး လိုအပ်နေတဲ့လူတွေကို လုပ်ငန်းခွင်မှာ ဆက်လက်တည်မြဲနေစေဖို့ အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ပေးမှာပါ။ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်အားခကိုလည်း  တစ်နာရီကို အနည်းဆုံး ၁၅ ဒေါ်လာထိ တိုးမြှင့်ဖို့ စီမံချက်ထဲမှာ ပါပါတယ်” လို့ ဆိုပါတယ်။

မုန်တိုင်းထန်တဲ့ ထရမ့်လက်ထက်ပြီးသွားတဲ့နောက် အစိုးရအဖွဲ့သစ်ဟာ ပိုမိုတည်ငြိမ်တဲ့ဟန်ပန် ရှိပေမယ့် ဘိုင်ဒင်ဟာ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တာဝန်စတင်ထမ်းဆောင်ချိန်ကစပြီး အမိန့်ညွှန်ကြားချက်များစွာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ လုပ်ငန်းပိုင်းဆိုင်ရာလုပ်ဆောင်ချက် ၁၇ ခု၊ ကြာသပတေးနေမှာ ၁၀ ခုနဲ့ သောကြာနေ့မှာ နောက်ထပ်  နှစ်ခု အသီးသီး လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်ညွှန်ကြားချက်တွေထဲမှာ နိုင်ငံရေးအရ အရေးပါတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးအပါဝင်  ထိပ်တန်းလှုပ်ရှားမှုအစီအစဉ်များစွာ ပါဝင်ပါတယ်။

နိုင်ငံအတွင်းမှာ ကြီးပြင်းလာတဲ့ တရားမဝင်ရွှေ့ပြောင်းတွေရဲ့ ကလေးတွေကို ပြည်နှင်ဒဏ်ပေးမှုကနေ ကာကွယ်ပေးတဲ့အစီအစဉ်ကိုလည်း ဘိုင်ဒင်က သက်တမ်း ထပ်တိုးလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly