ထိုင်းဘုရင်၏ ကာကွယ်ဆေးကုမ္ပဏီအပေါ်မေးခွန်းထုတ်ခဲ့သည့် အတိုက်အခံခေါင်းဆောင်ဟောင်း ပစ်မှတ်ထားခံရ 

ထိုင်းဘုရင်၏ ကာကွယ်ဆေးကုမ္ပဏီအပေါ်မေးခွန်းထုတ်ခဲ့သည့် အတိုက်အခံခေါင်းဆောင်ဟောင်း ပစ်မှတ်ထားခံရ 

ဇန်နဝါရီ ၂၂

ထိုင်းအစိုးရ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးမဟာဗျူဟာသည် အခြေခံအားဖြင့် ဘုရင်မဟာဝါဇီရလောင်ကွန်းပိုင်ဆိုင်သော ပြည်တွင်းဇီဝဆေးကုမ္ပဏီ၏ထုတ်လုပ်မှု တစ်ခုတည်းကို မှီခိုသည်ဟုဆိုကာ စောဒကတက်ခဲ့သော  အတိုက်အခံခေါင်းဆောင်ဟောင်း သာနာသွန်း ဂျူရွန်ယောင်းကစ် (Thanathorn Juangroongruangkit) သည် နိုင်ငံ၏ပြင်းထန်သော တော်ဝင်မိသားစုအသရေဖျက်မှုဆိုင်ရာဥပဒေကို ရင်ဆိုင်ရသည့် လတ်တလော ပစ်မှတ်ဖြစ်လာခဲ့သည်။ 

Thanathorn က ၎င်းအားအမှုဖွင့်ခြင်းသည် နိုင်ငံရေးအရင်းခံသည့်ကိစ္စတစ်ခုဖြစ်ပြီး ၎င်းအနေဖြင့် အပြစ်ကင်းစင်ကြောင်း ဇန်နဝါရီ ၂၁ ရက် ကြာသပတေးနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုင်းပြည်သူများအနေဖြင့် ကာကွယ်ဆေး၏ ဖြစ်ပျက်နေမှုအခြေအနေမှန်ကို သိထိုက်သည်ဟု Thanathorn ကပြောသည်။ 

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း Thanathorn အား နိုင်ငံ့ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေချိုးဖောက်မှုအပါအဝင် တော်ဝင်မိသားစုအသရေဖျက်မှုစွဲချက်ဖြင့် နည်းပညာရာဇဝတ်မှုနှိမ်နင်းရေးဌာနသို့ ဗုဒ္ဓဟူးနေ့က တိုင်ကြားခဲ့သည်။ အသက် ၄၂ နှစ်အရွယ် ဘီလျံနာတစ်ဦးဖြစ်သည့် Thanathorn သည် အွန်လိုင်းတွင် Live လွှင့်ကာ ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ရာတွင် Siam Bioscience ကုမ္ပဏီ၏အခန်းကဏ္ဍအားမေးမြန်းပြီးနောက်  ယခုကဲ့သို့ တိုင်ကြားခံခဲ့ရခြင်းဖြစ်သည်။ Thanathorn သည် ဘုရင်စနစ်နှင့်ပတ်သက်၍ အချက်ပေါင်း ၁၁ ချက် ဝေဖန်ပြောကြားခဲ့သည်။ 

၂၀၂၀ ခုနှစ် ဧပြီ ၁၃ ရက်စွဲအရ ကုမ္ပဏီထုတ်ပြန်လိုက်သော စုစုပေါင်း ရှယ်ယာ ၄၈ သန်းအနက် ရှယ်ယာနှစ်ခုမှလွဲ၍ အားလုံးကို ဘုရင်ဝါဇီရလောင်ကွန်းပိုင်ဆိုင်သည်။ ကျန်ရှယ်ယာနှစ်ခုမှာ လေတပ်ဦးစီးချုပ်နှင့် ရဲမှူးကြီးတစ်ဦးတို့က အသီးသီးပိုင်ဆိုင်ထားကြသည်။ ဘုရင်၏ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲသော Crowne Property Bureau သည် Siam Bioscience ဆေးကုမ္ပဏီ၏ ရှယ်ယာအများစုကို ထိန်းချုပ်ထားခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီ ၂၀ နှင့် ၂၀၁၉ ခုနှစ် ဧပြီ ၂၉ အကြားတွင် အဆိုပါရှယ်ယာများကို ဘုရင်၏ တိုက်ရိုက်ပိုင်ဆိုင်မှုထဲသို့ တစ်ချိန်ချိန်၌ လွှဲပေးခဲ့ကြောင်း Nikkei Asia မှ ရရှိထားသော စာရွက်စာတမ်းများအရ သိရသည်။ 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အစိုးရသည် ဥပဒေကိုချိုးဖောက်သော ဆန္ဒပြသူများအတွက် ဥပဒေနှင့်ပုဒ်မအားလုံးကိုသုံးကာ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု နိုဝင်ဘာက ပြောခဲ့ပြီးနောက်ပိုင်း တော်ဝင်မိသားစုအသရေဖျက်မှုဆိုင်ရာဥပဒေအသုံးပြုမှုကို အရှိန်မြှင့်လာခဲ့သည်။ မကြာသေးမီလများက အရွယ်မရောက်သူများအပါအဝင် အနည်းဆုံး တက်ကြွလှုပ်ရှားသူ ၅၄ ဦးသည် စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့က ပြောသည်။ တချို့သော ဆန္ဒပြခေါင်းဆောင်များသည် တော်ဝင်အသရေဖျက်မှုဥပဒေဆိုင်ရာ စွဲချက်များစွာကို ရင်ဆိုင်နေကြရသည်။ 

ပရာယွတ်အစိုးရအဖွဲ့သည် ကိုဗစ်ကာကွယ်ဆေးအလုံးပေါင်း ၆၃ သန်း ဝယ်ယူရေး စီမံချက်များအား အတည်ပြုခဲ့သည်။ ၎င်းတို့အနက် ၂၆ သန်းကို  နည်းပညာလွှဲပြောင်းမှုသဘောတူညီချက်ဖြင့် AstraZeneca ၏ ဆေးစပ်အညွှန်းကို သုံးကာ ပြည်တွင်း၌ထုတ်လုပ်ရန် Siam Bioscience သို့ သီးသန့်တာဝန်ပေးထားသည်။ 

Thanathorn ၏ Live ထုတ်လွှင့်ချက်၌ ၎င်းကုမ္ပဏီအား တာဝန်ပေးမှုအပေါ် အတိအလင်း ဝေဖန်ခဲ့ခြင်းတော့ မရှိပေ။ Thanathorn က Siam Bioscience ၏ ကာကွယ်ဆေးထုတ်လုပ်မှုအတွေ့အကြုံကို မေးခွန်းထုတ်ခဲ့ပြီး  ဒေသတွင်း၌ ယုံကြည်စိတ်ချရမှုအကန့်အသတ်သာရှိသော ကုမ္ပဏီကို အစိုးရက အလွန်အမင်းအားထားနေသည်ဟု ပြောဆိုခဲ့သည်။ 

“ကာကွယ်ဆေး အများစုကို အပြတ် ဝယ်လိုက်တယ်လို့ မသိလိုက်ခင်မှာ အရမ်းကိုနောက်ကျသွားပါပြီ။ အစိုးရက ကုမ္ပဏီတစ်ခုတည်းမှာပဲ မျှော်လင့်ချက်အားလုံး ပုံအောထားတဲ့ စွန့်စားမှုလုပ်ဖို့ ပြင်ဆင်နေတာကို ကျွန်တော် မေးခွန်းထုတ်ရပါလိမ့်မယ်” ဟု Thanathorn က Live ထုတ်လွှင့်ချက်၌ တွင် ပြောဆိုခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က Thanathorn ၏ ပြောဆိုချက်များကို အင်္ဂါနေ့က ရှုတ်ချလိုက်ပြီး “ဒါတွေဟာ ထင်ယောင်ထင်မှား တင်ပြချက်တွေပါ။ အမှန်တွေမဟုတ်ပါဘူး။ ပုံနှိပ်မီဒီယာပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ် ဖြန့်ချိထားတဲ့ အမှားမှန်သမျှကို တရားစွဲဆိုသွားဖို့ ညွှန်ကြားသွားမှာပါ” ဟု ဆိုသည်။ 

အစိုးရ၏ အချက်အလက်များအရ Siam Bioscience သည် ၂၀၁၉ ခုနှစ်အတွက် စုစုပေါင်း ဝင်ငွေ ဘတ် ၁၅၇ သန်း (ဒေါ်လာ ၅.၃ မီလီယံ) ရှိခဲ့သည်။ ၎င်း၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ဘတ်ငွေ ၄.၅ ဘီလီယံ ရှိသည်။ 

စွဲချက်များသည် Thanathorn ၏ သံသယများ ထုတ်ဖော်ပြောဆိုခြင်းကို မဟန့်တားနိုင်ခဲ့ပါ။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ တိုင်ကြားခံရပြီးနောက် Thanathorn က “အစိုးရက ဘာကြောင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ကိုယ်စားပြုပြီး ကာကွယ်ပြောဆိုနေရတာလဲ။ ဒီပုဂ္ဂလိကကုမ္ပဏီကို အထူးအခွင့်အရေးပေးထားတယ်ဆိုတာ အမှန်တကယ်ပဲ ဝန်ခံနေတာလား။” ဟု ဖေ့စ်ဘွတ်၌ ရေးသားခဲ့သည်။ 

ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းသည် Thanathorn အတွက် ပထမဆုံးအကြိမ် ရင်ဆိုင်ရသည့် ဥပဒေဆိုင်ရာ စိန်ခေါ်မှုတော့ မဟုတ်ချေ။  Thanathorn သည် ၂၀၁၈ ခုနှစ်က ဒီမိုကရေစီကိုထောက်ခံသော ကိုယ်ပိုင် Future Forward Party ကို တည်ထောင်ခဲ့သည်။ နောက်တစ်နှစ် အထွေထွေရွေးကောက်ပွဲ၌ ထိုင်းနိုင်ငံ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် Thanathorn ပါတီက ၈၁ နေရာ နိုင်ခဲ့သည်။ တရွေ့ရွေ့တက်လာသော ၎င်းပါတီသည် စစ်အသုံးစရိတ်လျှော့ချရန်နှင့် ရဲရင့်သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် တွန်းအားပေးမှုကြောင့် အထူးသဖြင့် ဩဇာရှိအဖွဲ့အစည်းများအကြား ရန်သူများလာခဲ့သည်။ 

၂၀၁၉ ၌ Thanathorn သည် ရွေးကောက်ပွဲမဝင်မီ မီဒီယာအစုရှယ်ယာပါဝင်နေခြင်းကို လုံးဝမစွန့်လွှတ်ရန် ပျက်ကွက်ခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏အမိန့်ဖြင့် ပါလီမန်အမတ်အဖြစ်မှ ဖယ်ရှားခြင်း ခံခဲ့ရသည်။ နောက်ပိုင်း၌ တရားရုံးက Future Forward Party အား ခေါင်းဆောင်ထံမှ တရားမဝင် ငွေကြေး ရယူသည်ဟု စွပ်စွဲကာ ပါတီအားဖျက်သိမ်းရန် ညွှန်ကြားခဲ့သည်။ ထိုသို့အရေးယူမှုကို ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများက ဥပဒေဆိုင်ရာ နှောင့်ယှက်ဟန့်တားမှုအဖြစ် မှတ်ယူခဲ့ပြီး အစိုးရ၏ အကောက်ဉာဏ်ဖြင့် အသာစီးရအောင်လုပ်မှုကို လမ်းမထွက်ကာ ဆန္ဒပြခဲ့ကြသည်။

Lese majeste law သို့မဟုတ် ရာဇဝတ်မှုဆိုင်ရာပုဒ်မ ၁၁၂ အရ တော်ဝင်မိသားစုကို အသရေဖျက်ပါက ကျူးလွန်သူသည် ပြစ်ဒဏ်များတစ်ဆက်တည်း ကျနိုင်ခြေရှိမှုနှင့်အတူ ပြစ်မှုတစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required