အိန္ဒိယက ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံ မီးလောင်ပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှု မပြတ်

အိန္ဒိယက ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံ မီးလောင်ပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှု မပြတ်
Photo - AFP

ဇန်နဝါရီလ ၂၂ ၊ ၂၀၂၁

အိန္ဒိယ အနောက်ပိုင်းမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေး ထုတ်လုပ်ရေး စက်ရုံဝင်းကြီးရဲ့ တစ်စိတ်တစ်ပိုင်းမှာ ကြာသပတေးနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး ထုတ်လုပ်နေတာအပေါ်တော့ သက်ရောက်မှု မရှိဘူးလို့ ကုမ္ပဏီက ပြောပါတယ်။

Serum Institute of India ဆေးကုမ္ပဏီကြီးဟာ AstraZeneca ကုမ္ပဏီနဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းဖော်စပ်ထားတဲ့ Covishield ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်းပေါင်းများစွာကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ပူနီအရပ်မှာရှိတဲ့ ကုမ္ပဏီရဲ့ ဆေးဝါးထုတ်လုပ်ရေး စက်ရုံကနေ မီးခိုးမည်းတွေ လိမ့်တက်နေတာကို ရုပ်သံသတင်းဌာနက ထုတ်လွှင့်ပြပါတယ်။

“အခု မီးလောင်တာကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့အပေါ်မှာတော့ သက်ရောက်မှု မရှိပါဘူး”လို့ ကုမ္ပဏီသတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီကို ပြောပြီး မီးဟာ ဧက ၁၀၀ ရှိတဲ့ စက်ရုံဝင်းအတွင်းက အသစ်တည်ဆောက်နေတဲ့ အဆောက်အအုံမှာ လောင်ကျွမ်းတာ ဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ်။

“မီးလောင်မှု ဖြစ်ချိန်မှာ အထဲမှာ ရှိနေသူ သုံးလေးဦး ရှိပေမယ့် အားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်။ ပိတ်မိနေသူ တစ်ယောက်မှ မရှိပါဘူး”လို့ မီးသတ်တာဝန်ရှိသူတစ်ဦးက ပြောပြီး မီးကို ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးကြောင်း ရဲတပ်ဖွဲ့ရော၊ ကုမ္ပဏီကပါ ပြောကြပါတယ်။

“အရေးကြီးဆုံးကတော့ မီးကြောင့် လူသေဆုံးတာ၊ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာ မရှိတာပါပဲ။ အဆောက်အအုံရဲ့ အောက်ပိုင်းအထပ်တွေတော့ နည်းနည်းပါးပါး ပျက်စီးခဲ့ရတယ်”လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဘီလျှံနာသူဌေးကြီး အက်ဒါပွန်နာဝယ်လာက တွစ်တာမှာ ရေးသားပါတယ်။

မီးလောင်မှု ဖြစ်ရာ ဆေးရုံဝင်း အဆောက်အအုံဟာ ကိုရိုနာဗိုင်းရပ်စ် ထုတ်လုပ်နေတဲ့ အဆောက်အအုံနဲ့ ကားမိနစ်အနည်းငယ် မောင်းတာနဲ့ ရောက်နိုင်တဲ့ အကွာအဝေးမှာ ရှိတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အဲဒီ စက်ရုံဝင်းအတွင်းမှာ ကုမ္ပဏီရဲ့ ဆေးဝါးထုတ်လုပ်မှု အရှိန်မြှင့်တင်နိုင်ဖို့အတွက် အဆောက်အအုံ ကိုးလုံးကျော်ထက်မနည်း တည်ဆောက်လျက်ရှိတာဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly