အိန္ဒိယမှ ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲ ယနေ့ရောက်မည် 

ရန်ကုန်၊ ဇန်နဝါရီ  ၂၂၊ ၂၀၂၁ 

အိန္ဒိယနိုင်ငံမှ ပေးပို့သည့် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲသည် မြန်မာနိုင်ငံသို့ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပထမဆုံး ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

“မနက်ဖြန် ၂၂ ရက်နေ့မှာ ကျွန်မတို့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်ရှိလာပါမယ်။ တစ်သန်းခွဲ ရောက်ရှိမှာ ဖြစ်ပါတယ်။ တစ်သန်းခွဲဆိုတော့ ကျွန်မတို့ ပြည်သူတွေ ခုနစ်သိန်းခွဲအတွက် လုံလောက်ပါတယ်။ လူတစ်ယောက်ဆိုရင် နှစ်ကြိမ်ထိုးရပါမယ်” ဟု ပြောသည်။ 

ဇန်နဝါရီလ ၂၁ ရက်နေ့ညက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီအရင်ခံတင်ပြသည့် မိန်းခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

လာမည့်သီတင်းပတ်အတွင်း  ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို ပထမဆုံး ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ထားကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။  

ထို့နောက် နိုင်ငံပုံမှန်ပြန်လည်ပတ်နိုင်ရေး အဓိကကျသည့် အစိုးရအဖွဲ့ဝန်များ၊ အစိုးရဝန်ထမ်းများ၊ မကြာခင် ပြည်ထောင်စုလွှတ်တော်တက်ရောက်ရတော့မည့် နိုင်ငံတစ်ဝှမ်းမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး အသက်အရွယ်ကြီးသူများ၊ အခြား ရောဂါအခံရှိသူများ၊ လူစုလူဝေးဖြင့် ကြပ်တည်းစွာနေရပြီး ရောဂါပြန့်ပွားနှုန်းများနိုင်သည့် အုပ်စု၊ နေအိမ်တွင်သာ နေထိုင်ရန် ညွှန်ကြားထားသည့် Stay at Home သတ်မှတ်ထားသော မြို့နယ်များ စသဖြင့် အဆင့်ဆင့် ဦးစားပေး သတ်မှတ်ကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ 

အိန္ဒိယက အခမဲ့ ပေးမို့မည့် ဆေးနာမည်မှာ Covishield ဖြစ်ပြီး Serum Institute က အောက်စ်ဖို့ဒ် တက္ကသိုလ်၊ အက်စရာ ဇီနီကာ ကုမ္ပဏီတို့နှင့် ပူးပေါင်း ထုတ်လုပ်ခြင်း ဖြစ်သည်။ ကိုဗစ် ကာကွယ်ဆေးကို ပထမတစ်ကြိမ် ထိုးပြီး ၂၈ ရက်ကြာလျှင် နောက်တစ်ကြိမ် ထပ်မံ ထိုးနှံရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly