ဂျိုးဘိုင်ဒင် လက်ထက်မှာ နောက်ဆံတင်းစရာ မလိုဘဲ ပြောရဲဆိုရဲလာဟု ဒေါက်တာဖောက်ချီ ပြော

ဂျိုးဘိုင်ဒင် လက်ထက်မှာ နောက်ဆံတင်းစရာ မလိုဘဲ ပြောရဲဆိုရဲလာဟု ဒေါက်တာဖောက်ချီ ပြော
Photo - AFP

ဇန်နဝါရီ ၂၂

ဒေါ်နယ်ထရမ့် ရာထူးက ထွက်ခွာသွားရပြီးတဲ့ ခုချိန်မှာ နောက်ဆက်တွဲ ဂယက်ထမှာကို စိုးရိမ်စရာမလိုဘဲ သိပ္ပံဆိုင်ရာကိုပဲ ဦးတည်ပြောဆိုလာနိုင်ပြီလို့ ခံစားရကြောင်း သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ထိပ်တန်း ကိုဗစ်-၁၉ အကြံပေးအဖြစ် ပထမဆုံး အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ အန်တိုနီ ဖောက်ချီက ပြောပါတယ်။

နိုင်ငံမှာ လူပေါင်း ၄၀၈၀၀၀ ကျော်ထက်မနည်း သေဆုံးရတဲ့ ကိုဗစ်-၁၉ အခြေအနေနဲ့ ပတ်သက်ပြီး ထိပ်တန်းကူးစက်ရောဂါသိပ္ပံပညာရှင် ဒေါက်တာ ဖောက်ချီက ကြာသပတေးနေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အရင် အစိုးရ လက်ထက်နဲ့ အခု အစိုးရ လက်ထက်ကြားက အတွေ့အကြုံကြား ကွာဟချက်ကို သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာ အသက် ၈၀ အရွယ် ဖောက်ချီဟာ အစောပိုင်းမှာ အနည်းငယ် တွန့်ရွံ့နေခဲ့ပြီးမှ ပထမ ထင်မြင်ခံစားချက်ပေါ် မူတည်ပြီး ပြောလို့ရနိုင်မယ့်အရာ မဟုတ်ဘူးလို့ ဖြေပါတယ်။

“ဒါပေမယ့် သေချာတာ တစ်ခုတော့ ရှိတယ်၊ ဒါဟာလည်း ခုလေးတင် ၁၅ မိနစ်လောက်လေးမှာတင် ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့တာပဲ။ ကျွန်တော် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရှိနေချိန်မှာ ကျွန်တော်တို့ဟာ လုံးဝကို ပွင့်လင်းမြင်သာပြီး မှန်ကန်ဖြောင့်မတ်စွာ ဆောင်ရွက်သွားမယ်ဆိုတာကတော့ ကျိန်းသေပေါက်အရာတစ်ခုပဲ”ဆိုပြီး ဖောက်ချီက ပြောပါတယ်။

“မှားခဲ့တယ်ဆိုရင်တောင် လက်ညိုးထိုးနေကြမှာမဟုတ်ဘဲ မှန်အောင် ပြန်ပြင်ဆင်မယ်၊ ပြီးတော့ အရာရာကို သိပ္ပံနဲ့ သက်သေအချက်အလက်တွေပေါ် အခြေခံပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။

အခု ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲ ပြီးခါနီးမှာ အခြား သတင်းထောက်တစ်ဦးက ဒေါက်တာ ဖောက်ချီရဲ့ ခေါင်းဆောင်နှစ်ဦးကြားက စီမံခန့်ခွဲမှု ပုံစံနဲ့ ပတ်သက်ပြီး ဟာသနှော ပြောတာကို သေချာရှင်းလင်းပြောပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီအခါမှာ ဖောက်ချီက “ကျွန်တော် တကယ် အတည်ပြောနေတာဗျ၊ နောက်နေတာ မဟုတ်ဘူး”ဆိုပြီး ရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် သမိုင်းကို နောက်ကြောင်း မပြန်လိုဘူး။ ဒါပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် ဟိုက်ဒရိုကလိုရိုကွင်း သုံးခဲ့တာမျိုးလို ကိစ္စတွေကတော့ သိပ္ပံအချက်အလက်အရဆို အတော် ဂွကျတာမျိုးတွေတော့ ဖြစ်ခဲ့တယ်”လို့ သူက ဆိုပါတယ်။

သမ္မတနဲ့ သဘောထား မတိုက်ဆိုင်မှုမျိုး ရှိရင်တောင် ဖိအားအဖြစ်ခံမှာ မဟုတ်ကြောင်း ဒေါက်တာဖောက်ချီက ဖြည်စွက်ပြောရင်း “ကိုယ် ယုံကြည်ရာကို ပြောတာအတွက် ဘာမှ ခံစားရမှာ မဟုတ်သလို အဲဒီအတွက် ဂယက်ရိုက်တာမျိုးတွေ ရှိလာမှာ မဟုတ်တာတော့ အမှန်ပါပဲ”လို့ ဆိုပါတယ်။

“အယူအဆ သဘောထား တစ်ခု ရှိတယ်ဆိုရင်၊ ဒါက အချက်အလက်ပေါ် အခြေခံမယ်၊ သိပ္ပံနည်းကျမယ်၊ ကိုယ်တိုင်လည်း သိရှိထားတယ်ဆိုရင် နောက်ဆံတင်းစရာ မလိုဘဲ လွတ်လွတ်လပ်လပ် ပြောနိုင်ရမှာ ဖြစ်တယ်”ဆိုပြီး သူက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly