နီပေါတွင် ဧဝရတ်တောင်မှ အမှိုက်များကို အနုပညာပစ္စည်းအဖြစ် ပြောင်းလဲဖန်တီးမည်

နီပေါတွင် ဧဝရတ်တောင်မှ အမှိုက်များကို အနုပညာပစ္စည်းအဖြစ် ပြောင်းလဲဖန်တီးမည်

ဇန်နဝါရီလ ၂၁ ၊ ၂၀၂၁

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကြီးမှာ အမှိုက်များ စုပုံရာ နေရာဖြစ်လာနေခြင်းမှ ကယ်ဆယ်ရေး လိုအပ်ချက်ကို မီးမောင်းထိုးပြရန် နီပေါ၌ ဧဝရတ်တောင်မှ အမှိုက်များကို အနုပညာပစ္စည်းများအဖြစ် ဖန်တီးပြောင်းလဲပြီး အနီးက ပြတိုက်တစ်ခုတွင် ခင်းကျင်းပြသမည် ဖြစ်သည်။

အမြင့်မီတာ ၈၈၄၈ ဒသမ ၈၆ မီတာ(ပေ ၂၉၀၃၂ ပေ) ရှိ တောင်ထွဋ်နှင့် ပတ်လည်ဧရိယာများတွင် တောင်တက်သမားများနှင့် ခြေလျင်ခရီးကြမ်းနှင်သူများ စွန့်ပစ်ထားခဲ့ကြသည့် အောက်ဆီဂျင်ဘူးများ၊ ရွက်ဖျင်တဲ အပျက်အစီးများ၊ ကြိုးများ၊ လှေကားပျက်များ၊ သံဘူးခွံများနှင့် ပလတ်စတစ်အမှိုက်များကို သုံးပြီး အနုပညာပစ္စည်း ဖန်တီးခြင်း ဖြစ်သည်။

နိုင်ငံခြားသားနှင့် ပြည်တွင်း အနုပညာရှင်များက အမှိုက်အပိုင်းအစများကို အနုပညာအဖြစ် ဖန်တီးရာတွင် ပူးပေါင်းပါဝင်ကြမည်ဖြစ်ပြီး အမှိုက်ကို တန်ဖိုးရှိသောပစ္စည်းအဖြစ် ပြောင်းလဲဖန်တီးနိုင်ရေးတွင် ဌာနေများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရီးသွားသူများ သတင်းအချက်အလက်စင်တာနှင့် အမှိုက်များကို ပြန်လည်အသုံးချခြင်းစင်တာဖြစ်သော Sagarmatha Next Centre ၏ ပရောဂျက်ဒရိုက်တာနှင့် ပူးတွဲတည်ထောင်သူ တွန်မီဂူစတက်ဖ်ဆန်က ပြောသည်။

“အမှိုက်တွေကို အနုပညာ တန်ဖိုးထိုက်တဲ့ ပစ္စည်းအဖြစ် ပြောင်းလဲနိုင်ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးကာ ဝင်ငွေရစေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ပြသလိုတာပါ။”ဟု ဂူစတက်ဖ်ဆန်က ရိုက်တာသို့ ပြောသည်။

“အမှိုက်တွေကို လူတွေရဲ့ အမြင်ကိုပါ ပြောင်းလဲပစ်ပြီး ဒါတွေကို စီမံကိုင်တွယ်နိုင်တယ်ဆိုတာမျိုး ဖြစ်လာဖို့အထိ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါ စင်တာမှာ ဧဝရတ်တောင်သို့ သွားရာအစဖြစ်သော လူကလာမှ နှစ်ရက်ခြေလျင်ခရီးတွင် ရှိသည့် ဧဝရတ်အခြေစိုက်စခန်း အဓိက လမ်းကြောင်းပေါ်တွင် ရှိသော Syangboche အရပ် အမြင့်မီတာ ၃၇၈၀ တွင် ဖွင့်လှစ်ထားရှိခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး စည်းမျဉ်းကန့်သတ်ချက်များကြောင့် ယခုနှစ် ခရီးသွားဧည့်သည် အကန့်အသတ်ရှိနေရာ နွေဦးတွင် ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရလမ်းဖြစ်သည်ဟုလည်း ဂူစတက်ဖ်ဆန်က ပြောသည်။

အမှိုက်မှ ထုတ်ကုန်များနှင့် အနုလက်ရာများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပိုမို သိရှိကြရန် ခင်းကျင်းပြသမည် ဖြစ်သကဲ့သို့ ဒေသအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်း ဖြစ်စေအောင် အမှတ်တရပစ္စည်းအဖြစ် ရောင်းချမည်ဖြစ်ကြောင်း သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly