အောင်မြင်ဖို့အတွက် တရုတ်ကြီးရဲ့ အစီအစဉ်- ဉာဏပစ္စည်းပိုင်ဆိုင်မှုများ ခိုးယူမှု

By Manish Shukla
21 January 2021
 အောင်မြင်ဖို့အတွက် တရုတ်ကြီးရဲ့ အစီအစဉ်- ဉာဏပစ္စည်းပိုင်ဆိုင်မှုများ ခိုးယူမှု

ဇန်နဝါရီ ၂၁ 

သမ္မတရှီကျင့်ဖျင်ရဲ့  ဦးဆောင်မှုအောက်မှာ တရုတ်ဟာ ကမ္ဘာမှာ မဟာအင်အားကြီးဖြစ်လာစေဖို့ ညစ်ပတ်တဲ့လှည့်ကွက်တွေနဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့နည်းလမ်းတွေထဲက တစ်ခုကတော့ အိုင်ဒီယာတွေ၊ သုတေသနနဲ့ အရေးပါတဲ့နည်းပညာတွေကို ခိုးယူတာပဲဖြစ်ပါတယ်။ အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို  ညွှန်ကြားရေးမှူး ခရစ်စတိုဖာရေးက ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ၇ရက်နေ့တုံးက တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာ သုနေသနတွေ ခိုးယူပြီး ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ “ပွင့်လင်းမြင်သာမှုကို ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ တတ်စွမ်းသမျှ လုပ်ဆောင်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။
 
တခြားတိုင်းပြည်တွေရဲ့ အဖိုးတန် သုတေသန၊ ဒေတာနဲ့ အရေးကြီးတဲ့ နည်းပညာတွေ ခိုးယူဖို့အတွက် ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရတို့ သုံးနေတဲ့ နည်းလမ်းတွေမနည်းလှပါဘူး။ ဥပမာပြောရရင် - နိုင်ငံခြားကုမ္ပဏီတွေကို ဟက် (hack) လုပ်တာ၊ တရုတ်နိုင်ငံတွေကို ပူးတွဲရွေးချယ်တာ၊ နိုင်ငံခြား ကျွမ်းကျင်သူတွေကို ဖြားယောင်းသိမ်းသွင်းတာနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်ရရှိဖို့ တရုတ်နဲ့ သူတို့ရဲ့ဆက်နွယ်တာတွေကို တမင်ဖုံးထားတဲ့ ဝန်ထမ်းတွေ (တစ်ချို့တွေဆို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် PLA က စစ်သားတွေ) ကို စေလွှတ်တာဖြစ်ပါတယ်။
 
၂၀၂၀ ဇူလိုင် ၂၁ ရက်နေ့က အမေရိကန်တရားရေးဝန်ကြီးဌာနဟာ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ချက်မှာ အမေရိကန်မှာနေထိုင်နေတဲ့ တရုတ်ဟက်ကာနှစ်ယောက်ကို ဉာဏပစ္စည်းပိုင်ဆိုင်မှုနဲ့ လျှို့ဝှက် စီးပွားရေး သတင်းအချက်အလက်တွေကို ပစ်မှတ်ထားပြီး ခိုးယူမှုလုပ်နေတာနဲ့ပတ်သက်လို့ စွဲချက်တင်ထားတယ်လို့ ပါရှိပါတယ်။ သတင်းထုတ်ပြန်ချက်အရဆိုရင် ဟက်ကာနှစ်ယောက်ဟာ တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနလက်အောက်က ကွမ်တုံးပြည်နယ်လုံခြုံရေးဌာန (MSS) နဲ့ တွဲပြီး အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ MSS ဟာ တရုတ်အစိုးရ ထောက်လှမ်းရေး၊ လုံခြုံရေးနဲ့ လျှို့ဝှက်ရဲအေဂျင်စီဖြစ်ပြီး နိုင်ငံခြားထောက်လှမ်းရေးလုပ်တာပါ။ သူတို့နှစ်ယောက်လုပ်ခဲ့တဲ့ ဟက်ကာတိုက်ခိုက်မှုဟာ ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ပြီး ပစ်မှတ်ထားတဲ့ ကုမ္ပဏီတွေဟာ နည်းပညာကြွယ်ဝတဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဂျပန်၊ လစ်သူရေးနီးယား၊ နယ်သာလန်၊ စပိန်၊ တောင်ကိုရီးယား၊ ဆွီဒင်နဲ့ ယူနိုက်တက်ကင်းဒမ်းတို ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဂျွန် စီ ဒမားစ် က သတင်းထုတ်ပြန်ချက်မှာပြောကြားရာမှာ “CCP ဟာ ကိုဗစ်-၁၉  သုတေသနအပါအဝင် အမေရိကန်နဲ့ တခြားတရုတ်မဟုတ်တဲ့ ကုမ္ပဏီတွေ ခက်ခက်ခဲခဲရရှိထားတဲ့ ဉာဏပစ္စည်းပိုင်ဆိုင်မှုတွေကို အတော့်ကိုပဲ လိုချင်တပ်မက်စိတ်ရှိနေတယ်” လို့ ဆိုပါတယ်။

 တရုတ်ခိုးမှု နောက်ဖြစ်ရပ်တစ်ခုကတော့ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသားတစ်ယောက်က သူဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ ခိုးယူမှုမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။ ဟုန်ဂျင်းတန်ဟာ ရေနံကုမ္ပဏီတစ်ခုမှာ တွဲဖက်သိပ္ပံပညာရှင်အဖြစ်လုပ်တုံးက စွမ်းအင်သိုလှောင်မှုဆိုင်ရာ မျိုးဆက်သစ် ဘက်ထရီနည်းပညာတွေ တီထွင်ဖို့ တာဝန်ပေးထားတဲ့ အဖွဲ့တစ်ခုမှာ တာဝန်ကျခဲ့ပါတယ်။ သူဟာ အလုပ်ရှင်ရဲ့ခွင့်ပြုချက်မယူဘဲ နည်းပညာတွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိ ကူးယူ၊ ဒေါင်းလုပ်လုပ်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဥက္ကလာဟိုးမား မြောက်ပိုင်းခရိုင် အမေရိကန်ပြည်ထောင်စုရှေ့နေ ထရန့် ရှိုးရက်စ်က ဟုန်ဂျင်းတန်လို ပုဂ္ဂိုလ်တွေဟာ အမေရိကန် ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို ခိုးပြီး တရုတ်ပြည်ပြန်ပို့တယ်၊ ဒါကို တရုတ်အစိုးရက ပုံတူးပွားနိုင်စေဖို့ ဆန္ဒရှိနေခဲ့တယ်လို့ ဆိုပါတယ်။  

နောက်ထပ် အလားတူကိစ္စတစ်ခုကတော့ တရုတ်နိုင်ငံသား ဟောင်ကျန်းဟာ စီးပွားရေးထောက်လှမ်းပြီး ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကို ခိုးယူတာ အပြစ်ထင်ရှားတွေ့ခဲ့ပါတယ်။ အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၀ နဲ့  ၂၀၁၅ ထဲမှာ ဟောင်ကျန်းဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်း ကုမ္ပဏီတွေဖြစ်တဲ့ Avago နဲ့ Skyworks တို့ရဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကို ခိုးခဲ့ပါတယ်။ Avago ဟာ တစ်ပိုင်းလျှပ်ကူး  ဒီဇိုင်းနဲ့ အပြောင်းအလဲတွေကို အဓိကထားတဲ့ Analog semiconductor (အနာလော့ဂ် တစ်ပိုင်းလျှပ်ကူးပစ္စည်း) ၊ Digital semiconductor (ဒစ်ဂျစ်တယ် တစ်ပိုင်းလျှပ်ကူးပစ္စည်း) ၊ mixed-signal နဲ့ optoelectronic အီလက်ထရောနစ် အစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး  ဒီဇိုင်းထုတ်လုပ်တာနဲ့ တီထွင်ဖန်တီးတာတွေကို ကမ္ဘာတလွှားထောက်ပံ့ပေးနေသူဖြစ်ပါတယ်။ Skyworks ဟာ စွမ်းဆောင်ရည်မြင့် Analog semiconductor  တွေကို တီထွင်ပါတယ်။ တရားသူကြီးရဲ့ စီရင်ချက်မှာ ဟောင်ကျန်းဟာ နှစ်ပေါင်းများစွာ ပြည်တွင်းဖြစ် စွမ်းဆောင်ရည်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေထုတ်ဖို့ကြိုးစားတာမှာ မအောင်မြင်ခဲ့တဲ့ တရုတ်အစိုးရ အတွက် လျှို့ဝှက်ချက်တွေကို ခိုးဖို့ ရည်ရွယ်ခဲ့တာလို့ ပါရှိပါတယ်။ ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင်  အမေရိကန်ပြည်ထောင်စုရှေ့နေ ဒေးဗစ်အယ်လ်အန်ဒါဆင်က “လွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေဟာ ဆန်းသစ်တီထွင်နိုင်တာမရှိတာမို့ ဆန်းသစ်တီထွင်ဖို့ မအောင်မြင်တဲ့အခါ ခိုးကြတာပါပဲ ” လို့ ပြောခဲ့ပါတယ်။ ခိုးယူတာဟာ ဆန်းသစ်တီထွင်တာမဟုတ်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။
 
မကြာသေးခင်ကပဲ တရုတ်အတွက် သူလျှိုလုပ်မှု၊ ထောက်ပံ့ငွေလိမ်လည်မှုတွေနဲ့ အမေရိကန်ပြည်ထောင်စုက မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (Massachusetts Institute of Technology (ဝါ)  MIT) ရဲ့ ပါမောက္ခတစ်ဦး ဖမ်းခံရတာကို သတိပြုမိကြမယ်ထင်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့က အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဂန်ချန်ဟာ တရုတ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်တွေ၊ ရာထူးခန့်အပ်တာတွေနဲ့ ဆုတွေကို အမေရိကန် စွမ်းအင်ဝန်ကြီးဌာနကို ထုတ်ဖော်တင်ပြရမှာဖြစ်ပေမယ့် ပျက်ကွက်ခဲ့တယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ဂန်ချန်ဟာ နိုင်ငံခြားဘဏ်အကောင့်အစီရင်ခံစာ (FBAR) ကိုလည်း တင်ပြဖို့ ပျက်ကွက်ခဲ့ပြီး အခွန်ရှင်းတမ်း အမှားကိုထုတ်ပြန်ခဲ့မှုတွေနဲ့ တရားစွဲခံရပါတယ်။ သတင်းတွေအရဆိုရင် ဂန်ချန်ဟာ တရုတ်တောင်ပိုင်း သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကပေးတဲ့ အမေရိကန်ဒေါ်လာ ၁၉ သန်းနဲ့ အတူ ဖုံးကွယ်ထားခဲ့တဲ့ နိုင်ငံခြား ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၉သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အမေရိကန်အစိုးရရဲ့ ထိပ်တန်းအရာရှိတွေဟာ အမေရိကန်နည်းပညာကုမ္ပဏီတွေနဲ့ ပညာရေးကဏ္ဏက တရုတ်ရဲ့ ဉာဏပစ္စည်းခိုးယူတွေအကြောင်း နှီးနှောဖလှယ်ဖို့ ကွန်ဖရင့်တစ်ခု ဝါရှင်တန်မှာ ပြုလုပ်ခဲ့ပါတယ်။ ကွန်းဖရင့်ကို ဖွင့်လှစ်ပေးခဲ့တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဂျွန်ဒီမားစ်ကတရုတ်ရဲ့ ခြိမ်းခြောက်မှုဟာ အစစ်အမှန်၊ စွဲစွဲမြဲမြဲ၊ စီစဉ်မှုကောင်းကောင်းနှင့် အရင်းအမြစ်ကောင်းကောင်းရှိတာကြောင့် ခဏလေးနဲ့ ပျောက်ကွယ်နိုင်မှာမဟုတ်ဘူးရယ်လို့ ပြောသွားခဲ့ပါတယ်။ FBI ညွှန်ကြားရေးမှူး ခရစ်စတိုဖာရေးက သုတေသန၊ ကူးသွယ်ရေး လျှို့ဝှက်ချက်တွေ၊ နည်းပညာနဲ့ အထိခိုက်မခံတဲ့ အချက်အလက်တွေကို တရုတ်က ခိုးယူနေတာဟာ အမေရိကန်နဲ့ ကမ္ဘာကြီးအတွက် အကြီးမားဆုံးသော ရေရှည်အန္တရာယ်တစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ FBI မှာ အမေရိကန် အခြေစိုက်နည်းပညာတွေကိုခိုးယူဖို့ တရုတ်တို့ ကြိုးစားနေတာနဲ့ပတ်သက်ပြီး အမှု ၁,၀၀၀ လောက်ရှိတယ်လို့ ရေးက ကွန်းဖရင့်မှာ ပြောသွားခဲ့ပါတယ်။

ခရစ်စတိုဖာရေးရဲ့ အပြောအရ ပေကျင်းဟာ အရေးပါတဲ့ ပစ်မှတ်နေရာတွေကို သတ်မှတ်ဖော်ထုတ်ခဲ့ပြီး အဲဒီပစ်မှတ်တွေဆီကနေ ခိုးယူတာတွေလုပ်ဖို့ အကျအနပြင်ဆင်ထားတဲ့ အစီအစဉ်တွေရှိပြီးဖြစ်တယ်လု့ိ ဆိုတယ်။ ဆန်းသစ်တီထွင်မှုနဲ့ R&D ဒေတာတွေအရ ပစ်မှတ်ထားတာအပြင် ကုန်ကျစရိတ်နဲ့ ဈေးနှုန်းအချက်အလက်တွေသာမက ပြည်တွင်းမဟာဗျူဟာဆိုင်ရာ စာရွက်စာတမ်းတွေကိုပါ တရုတ်အစိုးရက လိုက်နေပါတယ်။ တရုတ်ရဲ့ အစီအစဉ်ဟာ ကာကွယ်ရေးကဏ္ဏ ကုမ္ပဏီတွေသာမက စိုက်ပျိုးရေးကနေ လေရဟတ်တာဘိုင်နဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေအထိ တစ်ခြားကဏ္ဍတွေကိုပါ ပစ်မှတ်ထားပါတယ်။

တရုတ်ရဲ့ ခိုးယူမှုအစီအစဉ်မှာ ပညာရေးကဏ္ဏဟာလည်း ချွင်းချက်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုံးက ဟားဗတ်တက္ကသိုလ် ဓာတုဗေဒနဲ့ ဓာတုဇီဝဗေဒဌာနရဲ့ ဥက္ကဌကို တရုတ်အစိုးရနဲ့ ဆက်သွယ်မှုရှိတာ၊ အယောင်ဆောင် မမှန်ကန်တဲ့ ထုတ်ပြန်ချက်တွေလုပ်တာနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါတယ်။ အမေရိကန်အရာရှိတွေက အခု ဟားဗတ်မှာ အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့လုပ်နေတဲ့လုပ်နေတဲ့ အရေးကြီးတဲ့ R&D လုပ်ငန်းတွေဟာ ကွန်မြူနစ်ပါတီ CCP နဲ့ တရုတ်အစိုးရတို့ရဲ့လက်ထဲရောက်သွားတော့မှာကို စိုးရိမ်နေကြပါတယ်။
 
တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးဟာ တရုတ်အစိုးရနဲ့ ချိတ်ဆက်ပြီးလုပ်ခဲ့တဲ့ အလုပ်တွေကြောင့် နာမည်ဆိုးရခဲ့ပြီး ကုမ္ပဏီခြောက်ခုရဲ့နည်းပညာတွေကို ခိုးတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ တရုတ် ဆက်သွယ်ရေးကုမ္ပဏီဟာ နိုင်ငံတော်တော်များများမှာ အမျိုးသားလုံခြုံရေးအန္တရာယ်ကောင်လို့ သတ်မှတ်ခံထားရပြီး ကုမ္ပဏီအနေနဲ့ အစိုးရရဲ့ အထိခိုက်မခံတဲ့ အချက်အလက်တွေကို မျှဝေမှာကို စိုးရိမ်ပြီး နိုင်ငံ့အစိုးရအတော်များများက 5G  တပ်ဆင်တာမလုပ်ဖို့ ပိတ်ပင်တာတွေရှိနေပါတယ်။ Cisco Systems Inc. ဟာ ဟွာဝေးကို တရားရုံး ပထမဆုံးပို့တဲ့  ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် အစောပိုင်းက သူ့ရဲ့ ဉာဏပစ္စည်း ပိုင်ဆိုင်ခွင့်ကို တရားမဝင် ကူးယူမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က ချီကာဂိုမှာကျင်းပတဲ့ ကုန်စည်ပြပွဲတစ်ခုမှာ ဟွာဝေးဝန်ထမ်းဟာ ညသန်းခေါင်လောက်ကြီး ပြိုင်ဘက်ကုမ္ပဏီရဲ့ ရုံကိုသွားပြီး ကွန်ယက်ချိတ်ဆက်မှုတစ်ခုထဲက ပတ်လမ်းပုံရိပ်တွေကို ဓာတ်ပုံရိုက်ယူနေတာကို တွေ့ခဲ့ရတယ်လို့  Financial Times သတင်းစာကြီးက ထုတ်ဖော်ခဲ့ပါတယ်။ ဟွာဝေးကတော့ အဲဒီအဖြစ်အပျက်က  'ကံမကောင်းစွာနဲ့ပဲ နားလည်မှုလွဲတာပါ' လို့ ရှောင်လွှဲခဲ့ပါတယ်။

မကြာသေးမီနှစ်တွေက တရုတ်ရဲ့ ကြီးထွားလာမှုနဲ့ ဓနဥစ္စာ ကြွယ်ဝမှုတွေက ကြိုးစားအားထုတ်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေကြောင့်မဟုတ်ဘဲ နိုင်ငံခြားကုမ္ပဏီတွေနဲ့ နိုင်ငံတွေရဲ့ တိုးတက်မှုကြောင့်ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှု မရှိတာကြောင့် တရုတ်ဟာ နှစ်ပေါင်းများစွာ အချိန်ကုန်ခံပြီး စိတ်ကူးစိတ်သန်း အိုင်ဒီယာတွေအတွက် ကြိုးစားအားထုတ်ပြီး အရင်းအမြစ် အမြောက်အများ စိုက်ထုတ်နေခဲ့ရတဲ့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ အသီးအပွင့် အိုင်ဒီယာတွေ၊ သုတေသနနဲ့ အချက်အလက်တွေကို လုံးလုံးလျားလျား ခိုးယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်ဟာ လွတ်လပ်သောကမ္ဘာရဲ့ ပွင့်လင်းမှုကို အခွင့်ကောင်းယူ ၊ အလွဲသုံးစားလုပ်ပြီး သူ့ အကျိုးအတွက် ခိုးယူတာကို အားပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ဟာ သူ့ဈေးကွက်နဲ့ စီးပွားရေးကို ပြင်ပကမ္ဘာကို ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးဟာ တရုတ်ရဲ့ သားရဲဆန်တဲ့ ပြုကျင့်မှုတွေနဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ နည်းပရိယာယ်တွေကို သတိပြုမိလာကြပြီဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ သူ့လုပ်ရပ်တွေအတွက် ဘက်ပေါင်းစုံကနေပြီး ဝေဖန်ပြစ်တင်မှုတွေ ကြုံတွေ့လာနေရပါတယ်။ တောင်တရုတ်ပင်လယ်ထဲက ကျူးကျော်တိုက်ခိုက်မှုတွေ၊   ဝီဂါလူနည်းစုတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဖိနှိပ်သူ လူ့အခွင့်အရေးချိုးဖောက်သူရယ်လို့ သတ်မှတ်ခံထားတာရာကနေ အခုမှာတော့ သူခိုးရယ်လို့ ခေါင်းစဉ်အသစ် တပ်ခံရပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly