ဘာလီကျွန်းမှာ နှာခေါင်းစည်း မတပ်တဲ့ နိုင်ငံခြားသားတွေကို ဒိုက်ထိုးခိုင်းပြီး အပြစ်ပေး

ဘာလီကျွန်းမှာ နှာခေါင်းစည်း မတပ်တဲ့ နိုင်ငံခြားသားတွေကို ဒိုက်ထိုးခိုင်းပြီး အပြစ်ပေး
Photo - AFP

ဇန်နဝါရီ ၂၁ ၊ ၂၀၂၁

အင်ဒိုနီးရှား ဘာလီအပန်းဖြေကျွန်းမှာ နှာခေါင်းစည်း မတပ်ဘဲ တွေ့ရှိတဲ့ နိုင်ငံခြားသားတွေကို အပြစ်ပေးပုံကတော့ ပုံမှန်မဟုတ်ပါဘူး။ အဲဒါကတော့ နှာခေါင်းစည်း မတပ်တဲ့ နိုင်ငံခြားသားတွေကို ဒိုက်ထိုးခိုင်းပြီး အပြစ်ပေးတာပဲ ဖြစ်ပါတယ်။

တီရှပ်နဲ့ ဘောင်းဘီတို ဝတ်ထားတဲ့ နိုင်ငံခြားသားတွေဟာ ပူအိုက်တဲ့ ရာသီဥတုအောက်မှာပဲ ဒိုက်ထိုးနေကြပြီး သူတို့ကို နှာခေါင်းစည်းတွေ ဝတ်ဆင်ထားတဲ့ လုံခြုံရေးတာဝန်ရှိသူတွေက စောင့်ကြည့်နေတဲ့ ဗီဒီယိုဟာ အခု သီတင်းပတ်အတွင်းမှာပဲ လူမှုမီဒီယာမှ ပြန့်နှံ့ခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ ပြင်းထန်ဆိုးဝါးတဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုကို တိုက်ပွဲဝင်နေရတာကြောင့် အများပြည်သူနေရာတွေမှာ နှာခေါင်းစည်း မတပ်မနေရ အမိန့်ကို ဘာလီကျွန်း အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးတဲ့ ရက်တွေမှာတော့ နှာခေါင်းစည်း မတပ်ကြတဲ့ နိုင်ငံခြားသား တော်တော်များများကို ဖမ်းမိခဲ့တယ်လို့ လုံခြုံရေးတာဝန်ရှိသူ ဆူယန်နီဂါရာက ပြောပါတယ်။

ခုလို ဖမ်းမိသူတွေမှာ ၇၀ ကျော်ဟာ ဒဏ်ကြေး ရူပီး တစ်သိန်း (အမေရိကန်ဒေါ်လာ ၇ ဒေါ်လာ) ပေးဆောင်ခဲ့ရပြီး ကျန်တဲ့ ၃၀ လောက်က ဒဏ်ကြေး မပေးနိုင်ဘူးလို့ ပြောကြပါတယ်။

ဒါကြောင့် သူတို့ကို ဒိုက်ထိုးခိုင်းပြီး အပြစ်ပေးတော့တာပဲ ဖြစ်ပါတယ်။

နှာခေါင်းစည်း လုံးဝ ပါမလာတဲ့ သူဆိုရင် အကြိမ် ၅၀ ဒိုက်ထိုးခိုင်းပြီး နှာခေါင်းစည်းကို ကချွတ်ကချော် တပ်ဆင်ထားသူတွေကိုတော့ အကြိမ် ၁၅ ကြိမ် ဒိုက်ထိုးစေပြီး အပြစ်ပေးတာ ဖြစ်ပါတယ်။

“ဒါဟာ ပထမဆုံးပါ။ သူတို့ကတော့ ပြောမှာပေါ့၊ နှာခေါင်းစည်း မတပ်မနေရ စည်းမျဉ်းကို မသိဘူးလို့၊ ပြီးတော့ မေ့ခဲ့တယ်၊ နှာခေါင်းစည်းတွေ ရေစိုပျက်စီးတယ် စတာတွေ ပြောကြမှာပေါ့။”ဆိုပြီး ဆူယန်နီဂါရာက ပြောပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ ဗိုင်းရပ်စ် စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင် နိုင်ငံကနေ နှင်ထုတ်ခံရမယ်ဆိုပြီးလည်း ဘာလီအာဏာပိုင်တွေက သတိပေးထားပေမယ့် ခုထိတော့ အဲဒီလို နှာခေါင်းစည်း မတပ်လို့ နိုင်ငံက နှင်ထုတ်ခံရတယ်ဆိုတဲ့ သတင်း မကြားသိရသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly