တရုတ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေဟာ နိုင်ငံတွေအားလုံးအတွက်ပါ အန္တရာယ်ရှိတယ်လို့ဆိုပြီး မဟာမိတ်ဖွဲ့ဖို့ ကနေဒါဝန်ကြီးချုပ်တိုက်တွန်း

တရုတ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေဟာ နိုင်ငံတွေအားလုံးအတွက်ပါ အန္တရာယ်ရှိတယ်လို့ဆိုပြီး မဟာမိတ်ဖွဲ့ဖို့ ကနေဒါဝန်ကြီးချုပ်တိုက်တွန်း

ဇန်နဝါရီ ၂၀
 
 နိုင်ငံခြားသားများအား တရုတ်၏ ဖမ်းဆီးထိန်းသိမ်းမှုသည် နိုင်ငံတိုင်းအတွက် အန္တရာယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းမှုအား ဆန့်ကျင်၍ ကနေဒါနှင့်လက်တွဲသော မဟာမိတ်အဖွဲ့ဖွဲ့ရန် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ကမ္ဘာတစ်လွှား နိုင်ငံများအား တိုက်တွန်းခဲ့သည်။

 ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးကာ သူလျှိုပြုခြင်းနှင့် တရားစွဲဆိုခြင်း ခံထားရသော ကနေဒါအမျိုးသားနှစ်ဦးအား တရုတ်နိုင်ငံမှ ကောင်စစ်ဝန်အရာရှိများနှင့် ပိုမိုဆက်သွယ်ခွင့်ပေးလာခိုက်တွင် ထရူးဒိုးက သူ၏မှတ်ချက်ချခဲ့ခြင်းဖြစ်သည်။ သူတို့အား လွှတ်ပေးဖို့ ပေကျင်းကို ဖိအားပေးရန် ကနေဒါက သူ၏ မိတ်ဖက်များအား အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
 
“တရုတ်က ပိုပြီးအသုံးပြုလာနေတဲ့ အတင်းအဓမ္မအင်အားသုံး သံတမန်ရေးနဲ့ ပတ်သတ်ပြီး အဆက်မပြတ် မေးခွန်းထုတ်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုသာမက ကမ္ဘာတဝှမ်းရှိ မဟာမိတ်များနှင့်ပါ မိတ်ဖွဲ့ထားတယ်။ နောက်ထပ် ဘယ်နိုင်ငံသားဖြစ်မလဲဆိုတာ မသိနိုင်တဲ့အတွက် အတူတကွ ရပ်တည်ကြရမယ်”ဟု ထရူးဒိုးက ကြာသပတေးနေ့တွင် ထုတ်လွှင့်ခဲ့သော Reuters Next ထိပ်သီးအစည်းအဝေးပွဲ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ကနေဒါ ရဲတပ်ဖွဲ့သည် ဟွာဝေးနည်းပညာကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် မုန့်ဝမ်ကျိုးအား အမေရိကန် ဖမ်းဆီးမိန့်ထုတ်ကာ ဖမ်းဆီးခဲ့အပြီးတွင် တရုတ်သည် လက်တုံ့ပြန်သောအားဖြင့် ထိုလူနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ မုန့်ဝမ်ကျိုးသည် ဗန်ကူးပါးရှိ သူ၏ နေအိမ်တွင်အကျယ်ချုပ်ဖြင့် တရားရင်ဆိုင်နေသည်။

နိုင်ငံခြားရေးဝန်ကြီး Marc Garneau ၏ ပြောရေးဆိုခွင့်ရှိသူ Syrine Khoury က ကနေဒါသည် ယခုလများအတွင်း ထိုနှစ်ဦးအား မိသားစုဝင်များနှင့် ကောင်စစ်ဝန်အရာရှိများနှင့် ပိုမိုတွေ့ခွင့်အပါအဝင် သဘောတူညီချက်အချို့ရထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်အား မဖော်ပြခဲ့ပေ။
 
အောက်တိုဘာလမှစ၍ ကောင်စစ်ဝန်အရာရှိများ၏ သွားရောက်မှုသည် ကူးစက်ရောဂါမတိုင်ခင်ကဲ့သို့ ပြန်လည်ဖြစ်သွားကြောင်း အရေးကိစ္စနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။ ထိုနှစ်ဦး၏ မိသားစုဝင်များသည်လည်း ဖုန်းတစ်ကြိမ်ပြောခဲ့ရသည်ဟု ဆိုသည်။
 
ကနေဒါလူဝင်မှုကြီးကြပ်ရေးအရာရှိများသည် မုန့်ဝမ်ကျိုး၏ မိသားစုဝင်များအား သူမအား တွေ့ခွင့်ပြုထားသည်ဟု Khoury က ပြောသည်။ ကနေဒါသည် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်ရန် ခရီးသွားလာခွင့် ကန့်သတ်ချက်များ ထားရှိသည်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Mendicino၏ ပြောရေးဆိုခွင့်ရှိသူက မုန့်၏ မိသားစုဝင်များအား ခွင့်ပြုချက်သည် ကောင်စစ်ဝန်အရာရှိများ ဝင်ရောက်ခွင့် တိုးတက်လက်မှုနှင့် ဆက်စပ်သလားဆိုသည့်မေးခွန်းအား ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly