ကိုဗစ်လော့ဒေါင်းကို အသုံးချပြီး ထိုင်း၌ အရွယ်မရောက်သေးသော ဆန္ဒပြသူများကို ပို၍ ဖမ်းဆီးလာ

ကိုဗစ်လော့ဒေါင်းကို အသုံးချပြီး ထိုင်း၌ အရွယ်မရောက်သေးသော ဆန္ဒပြသူများကို ပို၍ ဖမ်းဆီးလာ

ဇန်နဝါရီလ ၂၀ ၊ ၂၀၂၁

ထိုင်းရဲတပ်ဖွဲ့သည် ကိုဗစ်-၁၉ တစ်ကျော့ပြန်လာမည်ကို တားဆီးကာကွယ်ရေးအတွက် ၎င်းတို့ ချမှတ်ထားသော တစ်စိတ်တစ်ပိုင်း လော့ဒေါင်းစည်းမျဉ်းများကို ဒီမိုကရေစီ လှုပ်ရှားမှုများအား အရေးယူရာ၌ ပို၍ အသုံးချလာနေပြီး ဘုရင်အား စော်ကားမှုဖြင့် အရွယ်မရောက်သေးသူများကိုပါ ဖမ်းဆီးမှုများ လုပ်ဆောင်လာနေသည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတွင် အစိုးရဆန့်ကျင်သော ဆန္ဒပြသူများက လူစုရုံးမှုကို ရှောင်ရှားကာ လှုပ်ရှားနေသည့် အတောအတွင်း ဆန္ဒပြအုပ်စုငယ်တစ်ရပ်က လူစုရုံးဆန္ဒပြခဲ့သည်။ ဘန်ကောက်အလယ်ရှိ အောင်မြင်မှု မော်ကွန်းတိုင်တွင် Free Guards ဟုခေါ်သော အဆိုပါ ဆန္ဒပြအုပ်စုက ပြည်သူဒါဇင်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ စနေနေ့ ဆန္ဒပြမှုအတွင်း ၎င်းတို့သည် ဘုရင့်နိုင်ငံ၌ တင်းကျပ်သော တော်ဝင်စော်ကားမှု ဥပဒေကို ဆန့်ကျင်သည့် အဓိပ္ပာယ်ဖြင့် ၁၁၂ မီတာအရှည်ရှိသော မည်သည့်စာမျှ မရေးထားသည့် ပိတ်သားစကို လွှင့်ထူခဲ့သည်။ 

အဆိုပါ တော်ဝင်ဥပဒေသည် တော်ဝင်မိသားစုအား အသရေဖျက်ခြင်း၊ စော်ကားခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို ရာဇဝတ်မှုအဖြစ် ပြဋ္ဌာန်းထားသော ဥပဒေတစ်ရပ်ဖြစ်သည်။

ပုဒ်မ ၁၁၂ ဟု ဒေသအခေါ်ဖြင့် သိထားသော အလွန်ပြင်းထန်သည့် ယင်း ဥပဒေကို ၂၀၁၇ ခုနှစ်အတွင်းက ဘုရင် မဟာဝါဇီရလောင်ကွန်း၏ ညွှန်ကြားချက်ဖြင့် ဆိုင်းငံ့ထားခဲ့ပြီးမှ ပြန်လည်အသက်သွင်းလာခဲ့ခြင်းလည်း ဖြစ် သည်။ နိုဝင်ဘာ ၉ ရက်တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဥပဒေအားလုံး တင်းကြပ်စွာ သက်ရောက်ရမည်ဟု အမိန့်ထုတ်ခဲ့သည်။

တော်ဝင်ဓာတ်ပုံတစ်ပုံအပေါ် စပရေးဆေးရည်ဖြင့် စာသားများ ရေးခြယ်ခဲ့သည် စွပ်စွဲလျက် Thammasat တက္ကသိုလ်မှ ပထမနှစ်ကျောင်းသားတစ်ဦးကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ပြီးနောက် ယခု ဒီမိုကရေစီ လှုပ်ရှားမှု ဆန္ဒပြပွဲ ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ ကျောင်းသားကို ဖမ်းဆီးမိန့်အား နိုဝင်ဘာလကတည်းက တော်ဝင်ဥပဒေပြစ်မှုစွပ်စွဲချက်ဖြင့် တရားရုံးတစ်ရုံးက ပထမ အတည်ပြုထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်း လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများအသင်းက ပြေ ာသည်။ အခြား တက်ကြွလှုပ်ရှားသူ အနည်းငယ်ကိုလည်း အလားတူစွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အများစုကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထိုဖမ်းဆီးမှုကြောင့် Free Guards အဖွဲ့၏ လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့သည် လာရောက်ကြည့်ရှုကြသူများကို အလွတ်ပိတ်စပေါ်၌ ကိုယ်ပိုင် ဆန္ဒပြကန့်ကွက်သည့် စာသား ရေးကြရန် ပြောဆိုတိုက်တွန်းခဲ့သည်။ ရေးသားထားကြသော စာများတွင် “ပြည်သူတွေကို နှိပ်စက်တာ ရပ်”၊ “အရှုံးသမား အစိုးရ၊ သဘောကွဲတဲ့ လူအသိုင်းအဝိုင်း”စသော စာများအား ရေးသားခဲ့ကြသည်။

သိပ်မကြာမီ၌ ဆန္ဒပြအင်အားသည် ပို၍ ကြီးထွားလာခဲ့ပြီး ရဲများက အဆိုပါ စာတမ်းအား သိမ်းဆည်းခဲ့သကဲ့သို့ ဆန္ဒပြသူ လေးဦးကိုလည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုင်းအစိုးရသည် ဗိုင်းရပ်စ် တစ်ကျော့ပြန်လာခြင်းကို လက်ကိုင်ပြုပြီး နိုင်ငံရေး စုရုံးမှုများကို ဒီဇင်ဘာ ၂၆ ရက်မှစကာ နိုင်ငံအနှံ့ တားမြစ်မိန့် ထုတ်ခဲ့သည်။ ယင်းနောက်တွင် နိုင်ငံ၏ လူငယ်များ ဦးဆောင်သော ဆန္ဒပြသူ များက တစ်လတာ သပိတ်နားခြင်းကို ကြေညာထားခဲ့ခြင်း ဖြစ်သည်။ ထိုင်းဆန္ဒပြသူများအနေဖြင့် ပရာယွတ်ချန်အိုချာနှင့် ၎င်းနောက်လိုက် ဝန်ကြီးများ နုတ်ထွက်ရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ဘုရင်စနစ် ပြုပြင်ပြောင်း လဲရေးတို့ကို လမ်းများပေါ်ထွက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် တနင်္လာနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၂၄၂၃ ဦး ရှိကာ ယင်းအနက် ၈၀၉၂ ဦးမှာ ဒီဇင်ဘာ ၂၀ နောက်ပိုင်မှ စမ်းသပ်တွေ့ရှိခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required