ဘုရင်ကို စော်ကားမှုအတွက် ထိုင်းအမျိုးသမီးတစ်ဦး ထောင်ဒဏ် ၈၇ နှစ် ချမှတ်ခံရ

ဘုရင်ကို စော်ကားမှုအတွက် ထိုင်းအမျိုးသမီးတစ်ဦး ထောင်ဒဏ် ၈၇ နှစ် ချမှတ်ခံရ

ဇန်နဝါရီ ၂၀

ထိုင်းဘုရင်ကို စော်ကားထားသည်ဟု ယူဆရသည့် အသံဖိုင်များ အွန်လိုင်းပေါ် ‌ဝေမျှမှုအတွက် အမျိုးသမီးတစ်ဦးကို ပြစ်မှုဆိုင်ရာ တရားရုံးက ထောင်ဒဏ် ၈၇ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ယင်းသည် ထိုင်းတွင် ဘုရင်စနစ်ကို စော်ကားပြောဆို‌‌ဝေဖန်မှုအတွက် တင်းကျပ်စွာ ပြဋ္ဌာန်းထားသည့် lese majeste ဟု သိကြသော ဥပ‌ဒေနှင့် ပတ်သက်ပြီး ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်မှုတွင် စံချိန်သစ်တစ်ခု တင်ခဲ့ခြင်းလည်း ဖြစ်သည်။

အသက် ၆၄ နှစ်အရွယ် အမျိုးသမီးသည် အပြစ်ကို ၀န်ခံခဲ့သည့်နောက်တွင် တရားရုံးက သူမ၏ ပြစ်ဒဏ်ကို ၄၃ နှစ်နှင့် ခြောက်လသို့ ထက်၀က်လျှော့ချပေးခဲ့သည်။

၂၀၁၄-၁၅ အတွင်း ယူကျူ့ပေါ်တွင် အသံဖိုင် ၂၆ ခု နှင့် ဖေ့ဘွတ်ခ်ပေါ်တွင် သုံးခုတို့ကို တင်ခဲ့မှုအတွက် အန်ချန်း (မိသားစုနာမည် ထုတ်မပြောဘဲထား) ကို ၂၀၁၅ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်။အဆိုပါ အသံဖိုင်များသည် ထိုင်းဘုရင်ကို ဝေဖန်သူတစ်ဦးဖြစ်သည့် ဘန်ပေါ့ (အမည်ဝှက်) ဟု သိကြသည့် အမျိုးသားတစ်ဦး၏ အသံဖိုင်မှတ်တမ်းများ ဖြစ်သည်။

ပါရှိသည့်အကြောင်းအရာ (content) ကို ဖန်တီးခဲ့သည့် ဘန်‌ပေါ့သည် ၂၀၁၅ ခုနှစ်က စစ်ဘက်တရားရုံးတစ်ခုတွင် စစ်ဆေးဆုံးဖြတ်ခံခဲ့ရသည်။ ၎င်းသည် အပြစ်ကို ၀န်ခံခဲ့ပြီးနောက် ၎င်း၏ ထောင် ၁၀ နှစ် ပြစ်ဒဏ်ကို ထက်၀က်လျှော့ချခဲ့သည်။

အသံဖိုင်များကို ‌‌ဝေမျှခြင်းအားဖြင့် အန်ချန်းသည် ယင်းတို့ကို အများပြည်သူ သိရှိကြည့်ရှု၍ ရစေခဲ့သည်ဟု တရားရုံးက ပြောသည်။

သူမသည် ပြစ်ဒဏ်အတွက် အယူခံ ချက်ချင်း ၀င်ခဲ့သော်လည်း သူမ၏ ပန်ကြားချက်ကို အယူခံတရားရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားရုံးက ပြောခဲ့သည်။

ဥပဒေပုဒ်မ ၁၁၂ အောက်ရှိ lese majeste ဆိုင်ရာ စွဲချက်တစ်ခုစီတိုင်းအတွက် ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အကြား ကျခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly