ဆမ်ဆောင်း ဒုဥက္ကဋ္ဌ လာဘ်ပေးလာဘ်ယူမှုအတွက် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံရ

ဆမ်ဆောင်း ဒုဥက္ကဋ္ဌ လာဘ်ပေးလာဘ်ယူမှုအတွက် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံရ

ဇန်နဝါရီ ၁၉

ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ လီ‌ဂျေးယောင်သည် လာဘ်ပေးလာဘ်ယူမှု နှင့် အလွဲသုံးစားလုပ်မှုတို့အတွက် ဇန်နဝါရီ ၁၈ ရက်တွင် ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။ တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး စီးပွားရေး ကော်ပိုရေးရှင်းကြီး၏ အမွေခံပုဂ္ဂိုလ်ကို အမိန့်ချမှတ်မှုအပြီးတွင် တရားရုံး၌ ချက်ချင်း ဖမ်းဆီးခဲ့သည်။

တောင်ကိုရီးယား သမ္မတဟောင်း ပါ့ခ်ဂွန်ဟေးနှင့် သူမ၏ မိတ်ဆွေ ချွိုင်ဆွန်ဆီလ် တို့ထံ ၂၀၁၅ ခုနှစ်က ၀မ် ၈ ဒသမ ၇ ဘီလီယံ (‌ဒေါ်လာ ၇ ဒသမ ၈ သန်း) လာဘ်ငွေ ပေးရန် ကော်ပိုရေးရှင်းဆိုင်ရာငွေ‌ကြေးများကို အသုံးပြုခဲ့ခြင်းအတွက် လီ အနေဖြင့် ထောင်ဒဏ် လပေါင်း ၃၀ ကျခံရလိမ့်မည်ဟု ဆိုးလ်မြို့ အထက်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ကုမ္ပဏီလုပ်ငန်းစု၏ အဖွဲ့၀င်လုပ်ငန်းနှစ်ခုဖြစ်သော Cheil Industries နှင့် Samsung C&T တို့ ပေါင်းစည်းမှုကို ထောက်ပံ့ခြင်းအားဖြင့် လီ၏ ဆက်ခံမှုလုပ်ငန်းစဉ်ကို အမျိုးသား ပင်စင်ဌာနက ကူညီချောမွေ့အဆင်ပြေစေရမည် ဆိုသည့် နားလည်မှုဖြင့် လာဘ်ငွေ ပေးခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးက ပြောသည်။

လီသည် အဆိုပါ စွဲချက်များအတွက် ထောင်ဒဏ် တစ်နှစ် ကျခံထားခဲ့ပြီး ဖြစ်သည်။ အယူခံတရားရုံးတစ်ခုက ၎င်း၏ ထောင်ဒဏ် နှစ်နှစ်ခွဲ ပြစ်ဒဏ်ကို ဆိုင်းငံ့ခဲ့ပြီးနောက် ၎င်းသည် ၂၀၁၈ ခုနှစ်က လွတ်မြောက်ခဲ့သည်။ သို့သော် ဤပြစ်ဒဏ်သည် သက်ညှာလွန်းအားကြီးပြီး ယင်းက လီ ပေးအပ်ခဲ့သော လာဘ်ငွေ တံစိုးလက်ဆောင်များ၏ အတိုင်းအတာအပြည့်အ၀ကို ထည့်သွင်းစဥ်းစားခဲ့ခြင်းမရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီ ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုရှိတဲ့ ကုမ္ပဏီ ဖြစ်တဲ့ ဆမ်ဆောင်းဟာ နိုင်ငံရေး အာဏာအပြောင်းအလဲဖြစ်တဲ့အခါတိုင်း ပြစ်မှုတွေမှာ ပါ၀င်ပတ်သက်နေတာက တော်တော်လေးကို စိတ်မကောင်းစရာပါပဲ၊ ဒီအမှုက သမ္မတဟောင်းရဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်၊ ဒါက ဆမ်ဆောင်းရဲ့ ထိပ်ပိုင်း စီမံအုပ်ချုပ်မှုပိုင်းက ပါ၀င်ပတ်သက်နေခဲ့တဲ့ လာဘ်ပေးမှုနဲ့ အလွဲသုံးစားမှု ဖြစ်ပါတယ်” ဟု တရားသူကြီး ‌ဂျောင်ဂျွန်ယန်းက ပြောသွားခဲ့သည်။

ဆမ်ဆောင်းနှင့် အခြားလုပ်ငန်းစုများထံမှ လာဘ်ထိုးမှုများကို သူငယ်ချင်း ချွိုင်နှင့်အတူ ရယူထားခဲ့မှုအတွက် သမ္မတဟောင်း ပ့ါခ်၏ ထောင်ဒဏ် ၂၂ နှစ် ပြစ်ဒဏ်ကို တရားရုံးချုပ်က အတည်ပြုထိန်းသိမ်းခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခု ဆမ်ဆောင်း ဒုဥက္ကဋ္ဌ အပေါ် စီရင်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပါ့ခ် အပြင် အခြားသော ခြစားမှု စွဲချက်များအတွက် ထောင်ဒဏ် ၁၇ နှစ် ကျခံနေရသော သမ္မတ‌ဟောင်း လီမြောင်ဘတ် တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စကို လက်ရှိသမ္မတ မွန်းဂျေအင်းက ဇန်နဝါရီ ၁၈ ရက်တွင် ဆန့်ကျင်ပြောဆိုသွားခဲ့သည်။ လက်ရှိအချိန်တွင် လွတ်ငြိမ်းချမ်းသာခွင့်အကြောင်း ပြောရန် စောလွန်းနေ‌ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံအကျိုးစီးပွားအပေါ် ကြီးကြီးမားမား ထိခိုက်စေခဲ့သလို ပြည်သူများကိုလည်း စိတ်ထိခိုက်နာကျင်စေခဲ့ကြောင်း တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly