ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းလူအုပ်ကို ဂွာတီမာလာလုံခြုံရေးတပ်ဖွဲ့၀င်တွေက ဆက်လက် တားဆီးပြီး လူစုခွဲ

ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းလူအုပ်ကို ဂွာတီမာလာလုံခြုံရေးတပ်ဖွဲ့၀င်တွေက ဆက်လက် တားဆီးပြီး လူစုခွဲ

ဇန်န၀ါရီ ၁၉

ကီလိုမီတာ ထောင်နဲ့ချီတဲ့ ခရီးကို ဖြတ်ရင်း အမေရိကန်နိုင်ငံဆီ ရောက်အောင် ခြေလျင်သွားဖို့ ကြိုးပမ်းနေကြတဲ့ ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းသွားလာသူ ၄,၀၀၀ ခန့်ရှိ လူအုပ်ကြီးတစ်ခုကို ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်မှာ ဂွာတီမာလာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားမြစ်ပြီး လူစုခွဲခဲ့ပါတယ်။

ဂွာတီမာလာ ရဲတွေဟာ ဟန်ချက်ညီညီ ညှိနှိုင်းလှုပ်ရှားမှု ပုံစံနဲ့ ခြိမ်းခြောက်ဟန်ပါ အသံတစ်ခု ပေါ်ထွက်စေဖို့ ဒိုင်းကာတွေကို နံပါတ်တုတ်နဲ့ ထုရိုက်ရင်း အုပ်စုလိုက် ရှေ့တိုးခဲ့ကြရာမှာ ရွှေ့ပြောင်းလာသူလူအုပ်ကို ဟိုတစ်စုသည်တစ်စုနဲ့ လူစုကွဲစေခဲ့ပါတယ်။

ရွှေ့ပြောင်းလူအုပ်ကြီးဟာ ဂွာတီမာလာ မြေပေါ်မှာ ဆက်ရှိနေကြဆဲ ဖြစ်ပြီး အများအပြားဟာ ပိုမိုကောင်းမွန်တဲ့ ဘ၀တစ်ခု ရဖို့အရေး သူတို့ရဲ့ ကြိုးပမ်းမှုကို ပြန်စဖို့ တစ်ဖန် အုပ်စုပြန်ဖွဲ့ကြဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဟွန်ဒူးရပ်စ်ကနေ ထွက်ခွာလာခဲ့ကြတဲ့ ရွှေ့ပြောင်းလူအုပ်တန်းကြီးဟာ နယ်စပ်အတွင်းပိုင်း ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာရှိ ဂွာတီမာလာ အရှေ့တောင်ပိုင်းက ဗာဒို ဟွန်ဒိုမြို့မှာ စနေနေ့နောက်ပိုင်းကတည်းက တားမြစ်ဟန့်တားခံနေခဲ့ကြရပါတယ်။

သူတို့တွေဟာ ဂွာတီမာလာကို ဖြတ်သန်းခွင့်ရဖို့ စောင့်ဆိုင်းနေကြပြီး လဟာပြင်မှာ ဖြစ်သလို အိပ်စက်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ အဓိကလမ်းတစ်ခုကိုလည်း ပိတ်ဆို့ထားခဲ့ကြတဲ့အတွက် ကုန်တင်ထရပ်ကား အများအပြားအတွက် ယာဥ်ကြောပိတ်ဆို့မှုကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။

တနင်္လာနေ့မှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေရဲ့ ရှေ့တိုး ဖိအားပေးမှုဒဏ်ကို ရွှေ့ပြောင်းသွားလာသူတွေ မခံနိုင်တော့ဘဲ ဖြစ်ခဲ့ကြချိန် တစ်ချို့ကတော့ ရဲတွေဘက်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ခဲ့ကြပါတယ်။

ဂွာတီမာလာ လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ထရပ်ကားတွေအတွက် လမ်းရှင်းစေဖို့အတွက် ရွှေ့ပြောင်းလူအုပ်ကို ဟွန်ဒူးရပ်စ်နယ်စပ်ဆီအထိ ပြန်လည်ဆုတ်ခွာစေဖို့ ကြိုးပမ်းခဲ့ကြသလို မျက်ရည်ယိုဓာတ်ငွေ့ သုံးပြီး တုံ့ပြန်ကိုင်တွယ်မှုတွေ လုပ်ခဲ့ပါတယ်။

ရဲတွေရဲ့ ဖိအားပေးမှုဒဏ် မခံနိုင်လို့ ထွက်ပြေးခဲ့ကြသူတွေထဲမှာ ကလေးတွေ ချီထားတဲ့ အမျိုးသမီးတွေလည်း ပါ၀င်နေခဲ့ပါတယ်။

“ကျွန်မက ကျွန်မသားလေးနဲ့အတူတူ ဒီခရီးကို သွားနေတာပါ၊ ဟွန်ဒူးရပ်စ်မှာဆိုရင် ကျွန်မဟာ နေထိုင်စားသောက်ဖို့ ဘယ်လိုမှ အဆင်မပြေခဲ့ဘူး” လို့ ပြေးလွှားရင်း မောဟိုက်နေတဲ့ ရွှေ့ပြောင်းအမျိုးသမီးတစ်ဦးက ဂွာတီဗီးရှင်း ချန်နယ်ကို ပြောခဲ့ပါတယ်။

“ကျွန်မတို့မှာ ပိုက်ဆံ ရှိနေတယ်ဆိုရင်တော့ ခုလို မြောက်ဘက်ခြမ်းကို ဦးတည်ပြီး သွားစရာ လိုမှာမဟုတ်ပါဘူး၊ သူတို့က ကျွန်မတို့ကို ခွေးတွေလိုမျိုး ဆက်ဆံကြတယ်၊ တကယ်ဆို သူတို့ ဒီလိုမလုပ်သင့်ဘူး” လို့လည်း မိန်းကလေးငယ်တစ်ဦးကို လက်ဆွဲထားတဲ့ အခြား အမျိုးသမီးတစ်ဦးကလည်း ပြောသွားခဲ့ပါတယ်။

တနင်္ဂ‌နွေနေ့တုန်းကလည်း နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေ ရှိနေတဲ့ ဂွာတီမာလာ လုံခြုံရေးတပ်ဖွဲ့၀င်တွေ၊ စစ်သားတွေနဲ့ ရွှေ့ပြောင်းလူအုပ်တို့ ထိပ်တိုက်တွေ့ခဲ့ကြပါသေးတယ်။

အဆိုပါ တနင်္ဂနွေနေ့က ပဋိပက္ခတွေအတွင်း ရွှေ့ပြောင်းသွားလာသူတစ်ချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့လည်း ကျန်းမာရေး၀န်ထမ်းတစ်ဦးက ‌ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required