ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့ အ နောက်ဖက်အထက်ရှန်ဂေါင်ကျေးရွာတောင်ယာခင်းမှာ ဒေသခံမိသားတစ်စုက ဟိမဝန္တာလင်းတငှက်ကြီးတစ်ကောင်ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေခင်းမှာ ဖမ်းမိလို့ထိန်းသိမ်းထားသည်။
လက်ရှိ ပူတာအိုမြို့နယ် လေယဉ်ကွင်းရပ်ကွက် (၃) မိသားစုနေအိမ်တွင် စောင့်ရှောက်ထားသည့် အဆိုပါ ဟိမဝန္တာလင်းတငှက်(Himalayan Griffon Vulture) မျိုးသည် အသားစားငှက်မျိုးဖြစ်ပြီး ဆောင်းခိုတတ်သည့်ငှက် အမျိုးအစားမျိုးစိတ် တစ်မျိုးဖြစ်သည်ဟု ငှက်ကြည့်ခရီးသွားလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်နေခဲ့သည့် ဦးကျော်က ပြောသည်။
အဆိုပါငှက်များအတွက် ဟိမဝန္တာတောင်သည်မူရင်းနေရပ်ဒေသဖြစ်ပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံက နေ မြန်မာနိုင်ငံကို အစာရှားပါးလာခြင်း သို့မဟုတ် အအေးဒဏ်ရှောင်ရွှေ့ပြောင်းပျံသန်းရင်း အစာပြတ်ကာကျလာတာဖြစ်နိုင်ကြောင်း ဦးကျော်က ပြောသည်။
ဖမ်းဆီးရမိထားသော ငှက်ကြီးကို လက်ရှိမှာ အသားစိမ်းများကို ကျွေးထားပြီး မွေးမြူထားသည်။ ဆက်လက်ပြီး စနစ်တကျထိမ်းသိမ်းမွေးမြူဖို့ရန်အတွက် နီးစပ်ရာ ငှက်ပညာရှင်များ၊ သစ်တောနှင့် သားငှက်ဌာနများမှလည်း ထိန်းသိမ်းနည်းပညာများကို အကြောင်းကြားအကူအညီတောင်းခံဖို့စဉ်းစားထားကြောင်း ငှက်ထိန်းသိမ်းထားသည့်မိသားစုဝင်တစ်ဦးက ပြောသည်။