လက်နက်လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ ဗာဂျီးနီးယားပြည်နယ်လွှတ်တော်ဆီ ချီတက်ဆန္ဒပြ  

လက်နက်လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ ဗာဂျီးနီးယားပြည်နယ်လွှတ်တော်ဆီ ချီတက်ဆန္ဒပြ  
Photo - AFP

ဇန်နဝါရီ ၁၉  

ဂျိုးဘိုင်ဒင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ နှစ်ရက်အလို ဇန်နဝါရီ ၁၈ ရက်က ရစ်ချ်မွန်မြို့ရှိ ဗာဂျီးနီးယားပြည်နယ်လွှတ်တော်အဆောက်အအုံအနီးမှာ လက်နက်လိုလားတဲ့ တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာဟာ နှစ်စဉ်ပြုလုပ်နေကျ စုဝေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။  

ဗာဂျီးနီးယား နိုင်ငံသားကာကွယ်ရေးအဖွဲ့ရဲ့အဆိုအရ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြဖို့ စီစဉ်ထားပြီး ကန့်သတ်မှုနည်းပါးတဲ့ လက်နက်ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ရာ ဥပဒေပြုလွှတ်တော်အမတ်တွေကို စည်းရုံးဆော်ဩတာဖြစ်ပါတယ်။  

Lobby Day လို့ခေါ်တဲ့ ဒီလိုလှုပ်ရှားမှုမျိုးပြုလုပ်လာတာ ၂၅ နှစ်ရှိပြီဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။  

လက်နက်ကိုင်ဆန္ဒပြအုပ်စုတွေထဲမှာ အစိုးရဆန့်ကျင်တဲ့ Boogaloo Boys အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ 

Boogaloo Boys အဖွဲ့ဝင်ဖြစ်တဲ့ မိုက်ဒန်းက ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ပတ်သက်ပြီး " သမ္မတကျမ်းကျိန်ပွဲကို တီဗွီကနေ စောင့်ကြည့်သွားမှာပါ။  ဂျိုးဘိုင်ဒင်က အနိုင်ရခဲ့တာပဲလေ။ သူတာဝန်ယူပါစေ။ ​ကျွန်တော်တို့က နိုင်ငံရေးအမြင်မျှတတဲ့ လစ်ဘရယ်သမားတွေပါ။ မင်းမဲ့ဝါဒီတွေလည်းပါတယ် ။ ပြည်နယ်လွှတ်တော်တွေမှာ Proud Boys အဖွဲ့တွေကို တစ်ဖက်သတ်ပြောဆိုနေတဲ့အချိန်မှာ လက်ယာစွန်းဖြစ်ရတာ ခက်ခဲသလိုပဲ" လို့ဆိုပါတယ်။  

Proud Boys အဖွဲ့ဝင်တစ်ဦးကလည်း "ကျွန်တော်တို့အဖွဲ့က လူမည်းအခွင့်အရေးလှုပ်ရှားတဲ့ Black Panthers ပါတီတွေဘက်က ရပ်တည်သွားမှာပါ။ ကျွန်တော်တို့ဟာ လူမျိုးရေးခွဲခြားတဲ့အဖွဲ့အစည်းမဟုတ်ဘူး ။ မီဒီယာတွေ ဖော်ပြနေသလိုမဟုတ်ဘဲ ကျွန်တော်တို့ဟာ လူမျိုးခွဲခြားရေးဝါဒီဆန့်ကျင်သူတွေပါ။ အသားအရောင်တွေ ဘာသာရေးတွေဘာကိုမှ မခွဲခြားပါဘူး" လို့ဆိုပါတယ်။  

လက်နက်လိုလားတဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦးက အစိုးရသစ်နဲ့ပတ်သက်ပြီး သူ့အမြင်ကို ခုလို ပြောပါတယ်။" ကျွန်တော်သိသလောက်တော့ ငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းမှုဖြစ်မှာပါ။ သဘောတူတူ မတူတူ ဒါဟာ ဖြစ်သွားမှာပါ။ ဘိုင်ဒင်ပဲသမ္မတဖြစ်မှာပါ။ ကျွန်တော်တို့ကတော့ ဒီနေ့လိုမျိုးပဲ လက်နက်ဥပဒေနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ ဖြေလျှော့ဖို့ အမတ်တွေကို ဆက်လက်စည်းရုံးသွားမှာပါ။ ဒါကြောင့်လည်း ဒီနေ့ကို Lobby Day လို့ ခေါ်တာပါ" လို့ဆိုပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly