ဂျိုးဘိုင်ဒင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုများ ပြုလုပ်  

ဂျိုးဘိုင်ဒင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုများ ပြုလုပ်  
Photo - AFP

ဇန်နဝါရီ ၁၉  

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအတွက် ဝါရှင်တန်မြို့ရှိ သမ္မတအိမ်ဖြူတော်ပြင်ပမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ စစ်ဘင်ခရာအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဟောင်းဝါ့ဒ်တက္ကသိုလ်က ကျောင်းသားတွေဟာ ဇန်နဝါရီ ၁၈ ရက်က ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ကြပါတယ်။ 

ဝါရှင်တန်ဒီစီမြို့လယ်က National Mall အမျိုးသားရင်ပြင်မှာလည်း အမေရိကန်အလံနဲ့ ပြည်နယ်ကိုယ်စားပြုအလံ ထောင်ပေါင်းများစွာကိုလည်း လွှင့်ထူထားပါတယ်။  

ကွန်ဂရက်လွှတ်တော်ကို မြင်နေရတဲ့ အမျိုးသားရင်ပြင်ဟာ သာမန်အားဖြင့် နိုင်ငံတစ်ဝန်းက ဧည့်သည်တွေလာရောက်ပြီး သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို စောင့်ကြည့်တဲ့နေရာဖြစ်ပါတယ်။  

ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ တစ်ရက်ပဲလိုတော့တာဖြစ်ပေမယ့် ကပ်ရောဂါနဲ့ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ရင်ပြင်ကို အများပြည်သူသွားလာခွင့်မပြုဘဲ ပိတ်ထားပါတယ်။ 

သမ္မတထရမ့်ကတော့ မြို့လယ်က အိမ်ဖြူတော်မှာ အစောင့်တပ်ဖွဲ့တွေနဲ့ လုံခြုံရေးအတားအဆီးတွေအကြား သီးခြားရှိနေစဉ်မှာ ဘိုင်ဒင်က နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ကြဖို့ တနင်္လာနေ့က တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်မှာ ကွန်ဂရက်လွှတ်တော်ရဲ့ အနောက်မျက်နှာစာမှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဘိုင်ဒင်ဟာ အကောင်းမြင်မှုနဲ့ ကုစားရေးလုပ်ငန်းစဉ်တွေကို အဓိကထားကာ မေတ္တာရပ်ခံပြောကြားသွားမှာဖြစ်ပါတယ်။  

ကိုဗစ်-၁၉ ကပ်ရောဂါတွေ ထိန်းချုပ်မနိုင်ဖြစ်နေတာ၊ ကာကွယ်ဆေးဖြန့်ဖြူးမှု အဆင်မပြေတာနဲ့  စီးပွားရေးနာလန်ထူမှုတွေအတွက် ဟန်ချက်ညီအောင်ထိန်းနေရတဲ့အချိန်မှာ ဘိုင်ဒင်အစိုးရဟာ အကျပ်အတည်းပေါင်းများစွာနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။  

တာဝန်ဝတ္တာရားကို သစ္စာစောင့်သိ ရိုသေမယ့်အကြောင်း ကတိပြုမယ့် ဗုဒ္ဓဟူးနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမျိုးသားတပ်ဖွဲ့အင်အား ၂၀ ၀၀၀ ကျော်က လုံခြုံရေးယူသွားမှာဖြစ်ပါတယ်။ 

စစ်ဆေးရေးဂိတ်တွေလည်း ထားရှိသွားမှာဖြစ်ပြီး အထူးဧည့်သည်တွေကလွဲလို့ သာမန်ပြည်သူတွေကို ဝင်ခွင့်ပေးမှာမဟုတ်ပါဘူး။ 

နိုင်ငံတစ်ဝန်းက ပြည်နယ်လွှတ်တော်ရုံးတွေမှာလည်း လက်ယာစွန်းအုပ်စုတွေရဲ့ ဆူပူအုံကြွမှုကို စိုးရိမ်တဲ့အတွက် လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly