ကိုရိုနာဗိုင်းရပ်စ်ကြောက်သည့် အမေရိကန်နိုင်ငံသား လေဆိပ်၌  ၃ လကြာ နေထိုင်ခဲ့ 

ကိုရိုနာဗိုင်းရပ်စ်ကြောက်သည့် အမေရိကန်နိုင်ငံသား လေဆိပ်၌  ၃ လကြာ နေထိုင်ခဲ့ 

ဇန်နဝါရီ ၁၈  

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လေယာဉ်စီးရမည်ကို ကြောက်ရွံ့သော အမေရိကန်နိုင်ငံသားတစ်ဦးသည် နိုင်ငံတကာလေဆိပ်ရှိ လုံခြုံစိတ်ချရသောနေရာ၌ သုံးလကြာ နေထိုင်ခဲ့သည်။  ကယ်လီဖိုးနီးယားပြည်နယ်မှ Aditya Singh သည် ကောက်တွေ့သော ဖြတ်သန်းသွားလာခွင့် လုံခြုံရေးကဒ်ကိုသုံးကာ တခြားခရီးသည်များ၏ ပေးစာကမ်းစာများကိုစားပြီး ချီကာဂိုရှိ O’Hare အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောက်တိုဘာ ၁၉ ရက် ၂၀၂၀ မှ ဇန်နဝါရီ ၁၆ ရက် ၂၀၂၁ ခုနှစ်အထိ အများသတိမမူမိအောင် နေထိုင်နိုင်ခဲ့သည်။  

အသက် ၃၆ နှစ်ရှိ Aditya Singh သည် ထိုသို့နေလာရာမှ ပြီးခဲ့သည့်စနေနေ့က အမေရိကန်လေကြောင်းလိုင်းမှ ဝန်ထမ်းနှစ်ဦးနှင့် ထိပ်တိုက်တိုးခဲ့ကာ လုံခြုံရေးကဒ်စစ်ဆေးခြင်း ခံခဲ့ရသည်။ ထိုလုံခြုံရေးကဒ်မှာ လေဆိပ်စီမံခန့်ခွဲသူမန်နေဂျာတစ်ဦး အောက်တိုဘာ ၂၆ ရက်က ပျောက်သွားသော ကဒ်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။  

ထို့နောက် Mr Singh  အဖမ်းခံခဲ့ရပြီး ထိန်းသိမ်းခံခဲ့ရသည်။ ရှေ့နေအဆိုအရ Mr Singh သည် အောက်တိုဘာ ၁၉ ရက်က လော့စ်အိန်ဂျလိစ်မြို့မှ O’Hare အပြည်ပြည်ဆိုင်ရာလေဆိပ် ဂိတ် - ၂ သို့ ရောက်ရှိလာပြီး ဖြတ်သန်းသွားလာခွင့်လုံခြုံရေးကဒ်ကို ဂိတ် - ၃ ၌ တွေ့ရှိခဲ့သည်ဟု ဆိုသည်။  

Mr Singh က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ပြန်ရမှာကြောက်နေခဲ့ပြီး ၎င်းနေထိုင်စဉ်အတွင်း တခြားခရီးသည်များက အစားအစာများ ပေးကမ်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ 

Mr Singh သည် လေဆိပ်ရှိ ကန့်သတ်နယ်မြေများအား ကျူးကျော်ဝင်ရောက်မှုနှင့် လုံခြုံရေးကဒ်ခိုးမှုတို့ဖြင့် တရားစွဲဆိုခံထားရသည်။  

Mr Singh အမှုအား ကြားနာခဲ့သော တရားသူကြီး Susana Ortiz က စွပ်စွဲချက်များသည် အံ့သားသင့် တုန်လှုပ်ဖွယ်ကောင်းကြောင်းနှင့် အဆိုပါလုပ်ရပ်များက လူ့အသိုင်းအဝိုင်းကို အန္တရာယ်ဖြစ်စေကြောင်း  ပြောကြားခဲ့သည်။ ရှေ့နေများက လော့စ်အိန်ဂျလိစ်သို့ပြန်ပြီး တရားရင်ဆိုင်ခွင့်ပြုရေး တောင်းဆိုခဲ့သော်လည်း Susana Ortiz က ငြင်းပယ်ခဲ့သည်။  

တရားသူကြီးက Mr Singh အတွက် အာမခံကြေးငွေ အမေရိကန်ဒေါ်လာ ၁၀ ၀၀၀ သတ်မှတ်ခဲ့ပြီး အချုပ်မှလွှတ်ပါက ၎င်းအား ခြေရာခံစောင့်ကြည့်ကိရိယာတပ်ဆင်လိုက်ရန် အမိန့်ထုတ်ခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly