တရုတ်တွင် COVID-19 လူနာသစ်တွေ့ရှိမှု ၆ ရက်ဆက်တိုက် ၁၀၀ ဦးအထက်တွင် ရှိနေ

တရုတ်တွင် COVID-19 လူနာသစ်တွေ့ရှိမှု ၆ ရက်ဆက်တိုက် ၁၀၀ ဦးအထက်တွင် ရှိနေ

ဇန်န၀ါရီ ၁၈

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူအသစ် တွေ့ရှိမှုက ခြောက်ရက်ဆက်တိုက် ၁၀၀ ဦးအထက်တွင် ရှိနေခဲ့ပြီး အရှေ့မြောက်ပိုင်း၌ ကူးစက်မှုများ မြင့်တက်နေမှုက နိုင်ငံ၏ အကြီးဆုံး အားလပ်ရက်မရောက်မီ နောက်ထပ် ကူးစက်လှိုင်းတစ်ခု ဖြစ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်ထားစေခဲ့သည်။

နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၁၀၉ ဦး တွေ့ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဇန်န၀ါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းပမာဏသည် အစောပိုင်းတစ်ရက်က တွေ့ရှိထားခဲ့သည့် ကူးစက်သူဦးရေနှင့် အတူတူ ဖြစ်နေခဲ့သည်။

ပြည်တွင်း ကူးစက်သူ ၉၃ ဦးအနက် ၅၄ ဦးသည် ပေကျင်းအနီး ပတ်၀န်းကျင်ရှိ ဟာဘေးပြည်နယ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အရှေ့မြောက်ပိုင်း ကျီလင် ပြည်နယ်တွင် ကူးစက်သူသစ် ၃၀ ဦးအထိ စံချိန်တင် တွေ့ရှိခဲ့ပြီး အစုအ‌‌ဝေးပုံစံ ကူးစက်မှုအသစ်များ ထွက်ပေါ်လာမည့် အန္တရာယ်ကို မီးမောင်းထိုးပြသနေသည်။

နေ့စဉ်အလိုက် ကူးစက်သူသစ် မြင့်တက်မှုက ၂၀၂၀ အစောပိုင်းက ယင်းနိုင်ငံတွင် တွေ့မြင်ထားခဲ့သည့် အမြင့်ဆုံးသော ကူးစက်မှုနှုန်းအတိုင်းအတာ၏ အနည်းငယ်မျှအဖြစ်သာ ဆက်ရှိနေသည်။ သို့သော် ကပ်ရောဂါကြောင့် နိုင်ငံကို နောက်ထပ် ထိခိုက်နာကျင်ရသော အခြေအနေကနေ ရှောင်လွဲနိုင်ရေးအလို့ငှာ လူပေါင်း ၂၉ သန်းကျော်ကို လော့ခ်‌‌ဒေါင်းချမှု အပါအ၀င် တက်ကြွထက်သန်သော အစီအမံများကို အာဏာပိုင်တို့ အကောင်အထည်ဖော်လျက် ရှိသည်။

နိုင်ငံစီးပွားရေးအပေါ် လက်ရှိ ကိုဗစ်-၁၉ တစ်ကျော့ပြန် ဖြစ်ပွားမှု၏ အလုံးစုံသက်ရောက်မှုက ဆက်လက် ထိန်းချုပ်၍ ရနိုင်ဆဲဖြစ်‌ကြောင်း တရုတ် စာရင်းအင်းဗျူရို အကြီးအကဲ နင် ကျီကျဲက ပြောသည်။

ဒေသအစိုးရများအနေဖြင့် အကူအညီကို လီဆယ်တောင်းခံမှုမျိုး မရှိသင့်ကြောင်း နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာနက သတင်းသုံးသပ်ချက်တစ်ခုတွင် သတိပေးခဲ့ပြီး အများအပြားကမူ ထိန်းချုပ်ကန့်သတ်ချက်အသစ်များ ချမှတ်လုပ်ဆောင်ထားသည်။

ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုသစ် နှစ်ခု တွေ့ရှိခဲ့သော ပေကျင်းတွင် ပြည်ပကနေ ရောက်လာသည့် ခရီးသွားများကို ၂၁ ရက်ကြာ ဆေးဘက်ဆိုင်ရာ စစ်‌ဆေးစောင့်ကြည့်ခြင်းနောက်ပိုင်း ထပ်တိုး ခုနစ်ရက် ကျန်းမာရေးစောင့်ကြည့်လေ့လာမှု ခံယူစေရေး အစီအမံကို စတင်သွားတော့မည် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ကျီလင်ပြည်နယ်ရှိ လူဦးရေ တစ်သန်း၀န်းကျင်နေထိုင်သော ကုန်ကျူလင် မြို့တွင် တင်းကျပ်သော လော့ခ်ဒေါင်းတစ်ရပ် ချထားပြီး မဖြစ်မနေ ဖွင့်ရမည့် ဆိုင်များမှလွဲပြီး ကျန်ဆိုင်အားလုံးကို ပိတ်ခိုင်းထားသည်။ သတ်မှတ်နေရာတွင် ကိုဗစ်-၁၉ စစ်ဆေးမှု ခံယူမှု လုပ်ဆောင်ရန် စီစဥ်ခြင်းမရှိပါက မည်သူ့ကိုမှ ပြင်ပသို့ ထွက်ခွာခွင့်မပြုဟုလည်း မြို့အာဏာပိုင်တို့က သတိပေးချက်ထုတ်ထားသည်။

ကျီလင်ပြည်နယ်ရှိ ကူးစက်မှုသည် အစောပိုင်းက အစုအဝေးပုံစံ ကူးစက်မှုများ ဖြစ်ခဲ့သည့် အနီးအနားရှိ ဟေးလောင်ကျန်းပြည်နယ်သို့ ကူးသန်းသွားလာထားခဲ့သည့် ဗိုင်းရပ်စ်ကူးစက်ခံ အရောင်း၀န်ထမ်းတစ်ဦးကြောင့် ဖြစ်ခဲ့ရသည်ဟု ယုံကြည်ရသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူစုစုပေါင်းသည် ၈၉,၃၃၆ ဦးနှင့် သေဆုံးသူ ၄,၆၃၅ ဦး ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုသည် တရုတ်တွင် ရောက်ရှိနေပြီး ကိုဗစ်-၁၉ ၏ မူလဇာစ်မြစ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly