အမေရိကန်ဆီ ဦးတည်တဲ့ ရွှေ့ပြောင်းလူအုပ်ကို ဂွာတီမာလာရဲတွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်တားဆီး 

အမေရိကန်ဆီ ဦးတည်တဲ့ ရွှေ့ပြောင်းလူအုပ်ကို ဂွာတီမာလာရဲတွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်တားဆီး 
Photo - AFP

ဇန်န၀ါရီ ၁၈ 
 
အမေရိကန်နိုင်ငံဆီ ဦးတည်ပြီး ခြေလျင်ထွက်လာခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့‌ပြောင်းသွားလာသူတွေကို ဇန်န၀ါရီ ၁၇ ရက်မှာ ဂွာတီမာလာရဲတွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။ ဒ့ါအပြင် အတားအဆီးတွေကို တွန်းထိုးဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ လူအုပ်စုတစ်စုကိုလည်း စစ်သားတွေက ဟန့်တားပြီး နောက်ပြန်ဆုတ်ခွာစေခဲ့တာကို အေအက်ဖ်ပီ ဂျာနယ်လစ်တွေက တွေ့ရှိခဲ့ပါတယ်။ 

လုံခြုံရေး တပ်ဖွဲ့၀င်တွေဟာ ဟွန်ဒူးရပ်စ်နဲ့ နယ်စပ်အနီး ဗာဒို ဟွန်ဒို မြို့က လမ်းတစ်ခုမှာ ရွှေ့ပြောင်းလူအုပ်ကို ဝိုင်းပတ်ကာရံပိတ်ဆို့ခဲ့ပြီး မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်ခဲ့ပါတယ်။အဆိုပါ ရွှေ့ပြောင်းလူအုပ်ဟာ ဟွန်ဒူးရပ်စ်ကနေ ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

အနည်းဆုံး လူပေါင်း ၆,၀၀၀ လောက် ဗာဒို ဟွန်ဒိုမြို့ကို ရောက်လာခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ ဘ၀သစ် စဖို့ မျှော်မှန်းပြီး ပြီးခဲ့တဲ့ ရက်တွေအတွင်းက ဟွန်ဒူးရပ်စ်ကနေ ထွက်လာခဲ့ကြတဲ့ လူပေါင်း ၉,၀၀၀ အနက်က လူပေါင်း ၆,၀၀၀ လောက် ဗာဒို ဟွန်ဒို မြို့ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဓာတ်ငွေ့ဗုံးနဲ့ မီးခိုးဗုံးတွေ နားကွဲလုမတတ် ‌ပေါက်ကွဲမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းတွေဟာ နောက်ပြန်လှည့်ခဲ့ကြရသလို တစ်ချို့ဟာ အနီးအနား တောင်ကုန်းတွေပေါ် တက်ပြေးခဲ့ကြပါတယ်။ ရွှေ့ပြောင်းအများအပြားကတော့ သူတို့တွေနဲ့အတူ ပါလာတဲ့ ပစ္စည်းတွေကို ကမန်းကတန်း ပစ်ချပြီး အန္တရာယ်ကင်းရာဆီ အလောတကြီး ထွက်ပြေးခဲ့ကြပါတယ်။ 

ခြံစည်းရိုးတစ်ခုကို ဖြတ်‌ကျော်ဖို့ ကြိုးစားခဲ့ကြသူတစ်ချို့ကတော့ တုတ်တွေ၊ ပလတ်စတစ် ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ ယူနီဖောင်း၀တ် လုံခြုံရေးတပ်ဖွဲ့၀င်တွေရဲ့ တုံ့ပြန်မှုကြောင့် နောက်ကို ပြန်လည် ဆုတ်ခွာခဲ့ကြရပါတယ်။ 
ရွှေ့ပြောင်းတစ်ချို့ ရိုက်နှက်ခံရတဲ့အတွက် ဒဏ်ရာတွေ ရသွားခဲ့တယ်လို့ အဆိုပါဒေသမှ အမည်မဖော်တဲ့ ကျန်းမာရေးအမှုထမ်းတစ်ဦးက ပြောပါတယ်။ 

ဂွာတီမာလာ ရဲတပ်ဖွဲ့က တပ်ဖွဲ့၀င်တစ်ချို့ဟာ သေနတ်တွေ ကိုင်ဆောင်ထားခဲ့တယ်လို့လည်း သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly