အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းဟု ဆိုကာ တရုတ် ရှင်ကျန်းမှ ဝါဂွမ်းနှင့် ခရမ်းချဉ်သီး တင်သွင်းမှုများအား ထရမ့်အစိုးရ ပိတ်ပင်

အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းဟု ဆိုကာ တရုတ် ရှင်ကျန်းမှ ဝါဂွမ်းနှင့် ခရမ်းချဉ်သီး တင်သွင်းမှုများအား ထရမ့်အစိုးရ ပိတ်ပင်

ဇန်နဝါရီ ၁၈

 ဒေသတွင်း အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း သက်သေအထောက်အထားများကို ပြန်လည်စစ်ဆေးပြီးကြောင်းပြောကာ တရုတ်နိုင်ငံ ရှင်းကျန်းဒေသမှ ဝါဂွမ်းနှင့် ခရမ်းချဉ်သီးများ တင်သွင်းမှု ပိတ်ပင်စာကို ဗုဒ္ဓဟူးနေ့တွင် ထရမ့်အစိုးရက ထုတ်ပြန်လိုက်သည်။

အဆိုပါ အရေးယူဆောင်ရွက်မှုသည် အနောက်နိုင်ငံအရာရှိများနှင့် လူ့အခွင့်အရေးအဖွဲ့များက ထိန်းသိမ်းရေးစခန်းများအတွင်း  အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားမှုများအပါအဝင် ရှင်ကျန်း၏ မွတ်စလင် ဝီဂါလူဦးရေအား ဖိနှိပ်ခြင်းအတွက် တရုတ်အား အပြစ်ပေးရန် ထရမ့်အစိုးရ၏ နောက်ဆုံးကြိုးပမ်းချက်ဖြစ်သည်။
 
ဝါဂွမ်းအထည်မှစ၍ စည်သွတ်ခရမ်းချဉ်သီးအထိ အရာအားလုံး ပါဝင်သည့် ပိတ်ပင်မှုသည် အမေရိကန်တင်သွင်းသူများ၏ ကျယ်ပြန့်သော စုံလင်မှုအပေါ် သက်ရောက်လိမ့်မည်။ ဝါရှင်တန်ပို့စ် ၏ တွက်ချက်မှုအရ ရှင်ကျန်းသည် ကမ္ဘာလုံးဆိုင်ရာ ချည်ထုတ်လုပ်မှု၏ ငါးပုံတစ်ပုံနီးပါးရှိသည်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်ရေးသည် “အထိန်းသိမ်းခံ သို့မဟုတ် အကျဉ်းသားအလုပ်သမားနှင့် အဓမ္မလုပ်အားပေးခိုင်းစေခြင်းများကို အကျိုးအကြောင်းသင့် ဖော်ပြသည့် သတင်းအချက်အလက်များကို အခြေခံ၍”ဒေသတွင်း ထုတ်လုပ်သော ဝါဂွမ်းနှင့် ခရမ်းချဉ်သီး ထုတ်ကုန်များကို ချက်ချင်းစတင်ဖမ်းဆီးသွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
 
“ကြွေးမြီနှောင်ကြိုး၊ လှုပ်ရှားမှုကို ကန့်သတ်ခြင်း၊ ဖယ်ကျဉ်ထားခြင်း၊ ခြိမ်းခြောက်ခြင်း၊ လုပ်ခမပေးခြင်းနှင့် ညှင်းပန်းနှိပ်စက်သော နေထိုင်မှုနှင့် လုပ်ငန်းခွင်အခြေအနေများ”အပါအဝင် အလုပ်အခြေအနေများကို ‌ဖော်ပြသော စုံစမ်းစစ်ဆေးမှု လုပ်ခဲ့သည်ဟု အေဂျင်စီက ပြောသည်။

"DHS က အမေရိကန် ထောက်ပံ့ရေးကွင်းဆက်တွေမှာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို သည်းခံမှာမဟုတ်ဘူး။ အမေရိကန်ပြည်သူတွေကို ဆက်လက်ကာကွယ်ပေးပြီး အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခံရတယ်လို့ စွပ်စွဲချက်တွေကို ဆက်ပြီးစုံစမ်းစစ်ဆေးသွားမယ်။ အတင်းအဓမ္မလုပ် အားပေးစေခိုင်းပြီးရတဲ့ ပစ္စည်းတွေကို တိုင်းပြည်ထဲ မဝင်နိုင်အောင် တားဆီးသွားမယ်။  တရုတ်တွေကိုလည်း သူတို့စခန်းတွေကိုပိတ်ပြီး သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့တောင်းဆိုလိုက်ပါတယ်”ဟု အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအား ကြီးကြပ်သော ပြည်တွင်းလုံခြုံရေးဌာန၏ ခေတ္တလက်ထောက် အတွင်းရေးမှူး ကန် ကူဆီနယ်လီ က ကြေညာချက်တွင် ပြောကြားခဲ့သည်။
 
ပိတ်ပင်မှုတွင် အထည်များ၊ ခရမ်းချဉ်သီးအစေ့များ၊ ခရမ်းချဉ်သီးဆော့စ်နှင့် ဝါနှင့် ခရမ်းချဉ်သီးများဖြင့် ပြုလုပ်သော အခြားကုန်ပစ္စည်းများ ပါဝင်သည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးက အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုဟု စွပ်စွဲပြောဆိုခြင်းသည် အမေရိကန်နိုင်ငံရေးသမားအချို့၏ “နိုင်ငံရေးလိမ်လည်မှု” ဖြစ်သည်ဟု ပြောခဲ့သည်။

“ရှင်ကျန်းစီးပွားရေးလုပ်ငန်းတွေကို ဖိနှိပ်ခြင်းဖို့နဲ့ ရှင်ကျန်းရဲ့တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောမှုတွေကို ဖိနှိပ်ဖို့ ပိတ်ဆို့အရေးယူမှုတွေနဲ့ အခြားနည်းလမ်းများတွေကို အမေရိကန်ဘက်က အသုံးချနေတယ်။ တရုတ်က သက်ဆိုင်ရာပါတီတွေနဲ့ ကုမ္ပဏီတွေရဲ့ တရားဝင် အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ဆက်လက်ပြုလုပ်သွားမယ်”ဟု သံရုံးက အီးမေလ်းမှတဆင့် ထုတ်ပြန်ကြေညာချက်တွင် ပြောကြားထားသည်။
 
ကြေညာချက်တစ်ခုတွင် အမေရိကန်အဝတ်အထည်နှင့်ဖိနပ်များ အသင်း၊ အမျိုးသား လက်လီအဖွဲ့ချုပ်နှင့် အခြားစက်မှုလုပ်ငန်းအဖွဲ့ နှစ်ခုတို့သည် ဒေသတွင်း အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများနှင့် ပတ်သက်၍ “ဒေါသထွက်နေဆဲ” ဖြစ်ကြောင်းနှင့် “ကျွန်တော်တို့၏ ထောက်ပံ့ရေးကွင်းဆက်များ၌ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းကို ဖယ်ရှားခြင်းအား ထိပ်တန်းလုပ်ဆောင်ခြင်းနှင့် ပြည်သူ့ရေးရာမူဝါဒ ဦးစားပေးအဖြစ် ကာလရှည်ကြာစွာပင် ဆောင်ရွက်လာခဲ့ပြီးဖြစ်ကြောင်း” ပြောခဲ့သည်။

“လုပ်ဆောင်မှုက စမတ်ကျပြီး ပွင့်လင်းမြင်သာမှုရှိကာ ထိရောက်မှုရှိစေရန် အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP)တို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။  CBP ကို ဒီကနေ့ကြေငြာချက်ကို ဖြစ်လာစေတဲ့ စုဆောင်းထားတဲ့ အထောက်အထားတွေ၊ သက်သေပြနိုင်တဲ့ အချက်တွေကို နယ်ပယ်နဲ့ မျှဝေဖို့တိုက်တွန်းပါတယ်။”
ဟု အဖွဲ့များကပြောကြားခဲ့သည်။

 ဒီဇင်ဘာလတွင် ထရမ့်အစိုးရက CBP က “တရုတ်ကွန်မြူနစ်ပါတီလက်အောက်ရှိ စီးပွားရေးနှင့် စစ်ရေးအရဖွဲ့စည်းပုံဆိုင်ရာ အဖွဲ့အစည်း”ဟု ခေါ်သော ရှင်ကျန်း ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးကော်ပိုရေးရှင်းမှ ထုတ်လုပ်သော ချည်ထုတ်ကုန်များအပေါ် တားဆီးပိတ်ပင်မှုအပြီး အစီအမံထွက်ပေါ်လာခြင်းဖြစ်သည်။

စက်တင်ဘာလတွင် အမေရိကန်သည် တရုတ်မှ အချို့သောအဝတ်အထည်များနှင့် ကွန်ပျူတာအစိတ်အပိုင်းများအား ရှင်ကျန်းရှိ အတင်းအဓမ္မလုပ်သားများမှ ပြုလုပ်သည်ဟု ပြောဆိုကာ တင်သွင်းခြင်းကို ပိတ်ပင်ခဲ့သည်။

လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ကြမ်းတမ်းရက်စက်သော တရုတ်၏ အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ဝီဂါလူမျိုးများနှင့်အခြားမွတ်စလင်လူနည်းစု ခန့်မှန်းခြေအားဖြင့်၁သန်းခန့်အား အစိုးရက “ပြန်လည်သင်ကြားရေးပညာပေး စင်တာများ”ဟုခေါ်သည့် နေရာများသို့ ရောက်စေခဲ့သည်။

၎င်းလုံခြုံရေးမြင့်မားသော ‌နေရာများသည် အကျဉ်းထောင်များနှင့် ဆင်တူကြောင်း ဂြိုဟ်တုပုံရိပ်များက ပြသနေကာ ယခင်ထိန်းသိမ်းခံရသူများက ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
 
တရားဝင်သတင်းများအရ ဖမ်းဆီးထိန်းသိမ်းထားသူ အမြောက်အများကို လွှတ်ပြီးလျှင် ရှင်ကျန်းပြည်နယ်ရှိ အထည်အလိပ်လုပ်ငန်းခွင်သို့ ပို့ဆောင်ကြောင်း သိရသည်။ ၎င်းသည် ပြန်လည်ထူထောင်ထားသော ရာဇဝတ်သားများအတွက် ဆန္ဒအလျောက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ဆိုသော်လည်း အကယ်၍ ငြင်းဆန်ပါက ထိန်းသိမ်းခံရမည်ဟု ခြိမ်းခြောက်ခံရကြောင်း အချို့အလုပ်သမားများက ဆိုသည်။ အဓိကဖက်ရှင်အမှတ်တံဆိပ်များကို ရှင်ကျန်းဝါဂွမ်းများ အသုံးပြုခြင်းအား ရပ်တန့်ရန်နှင့် အပြည်ပြည်ဆိုင်ရာ စာရင်းစစ်ကုမ္ပဏီများအား ဒေသတွင်းရှိ စက်ရုံများနှင့်အလုပ်မလုပ်ရန် အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်က ပေါင်းစည်းလိုက်ခြင်းဖြင့် တွန်းအားပေးမှုအပြီး အမေရိကန်၏ လုပ်ဆောင်မှုများ ထွက်ပေါ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly