အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ ၈၁ ဦး ရှိလာ  

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ ၈၁ ဦး ရှိလာ  
Photo - AFP

ဇန်နဝါရီ ၁၈  

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက မာမူဂျူမြို့မှာ သောကြာနေ့က အင်အားပြင်းတဲ့ငလျင် လှုပ်ခတ်ပြီးတဲ့နောက် ဘေးသင့်ခဲ့တဲ့ဒေသခံထောင်ပေါင်းများစွာဟာ အားကစားရုံအပြင်ဘက်က ယာယီတဲစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။  

တနင်္ဂနွေနေ့ကလည်း မုတ်သုန်မိုးတွေ အရှိန်ပြင်းပြင်းနဲ့ရွာသွန်းခဲ့တာကြောင့် ပြိုကျနေတဲ့အဆောက်အအုံ အပျက်အစီးပုံတွေအောက်က အသက်ရှင်လျက်ပိတ်မိနေသူတွေကို ရှာဖွေဖို့ အဟန့်အတားဖြစ်စေခဲ့ပါတယ်။  

ပြင်းအား ၆ ဒဿမ ၂ အဆင့်ရှိတဲ့ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၈၁ ဦးအထိရှိလာခဲ့ပြီဖြစ်သလို လူထောင်ပေါင်းများစွာ အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။  

သေဆုံးသူအများစုဟာ မာမူဂျူမြို့ကဖြစ်ပြီး မြို့တစ်လွှားမှာလည်း မြေတူးစက်တွေ ကရိန်းတွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ 

နောက်ဆက်တွဲ ငလျင်ငယ်တွေနဲ့ မိုးရွာသွန်းမှုတွေကြောင့် ပျက်စီးနေတဲ့အဆောက်အအုံတွေ ထပ်မံပြိုကျသွားနိုင်တယ်လို့ ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်တဲ့ အော့တာဗီယန်တိုက ဆိုပါတယ်။ 

အလေးချိန်များတဲ့ စက်ကြီးတွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားတာဟာ အသက်ရှင်လျက် ပိတ်မိနေတဲ့သူတွေကို သေသွားစေနိုင်ကြောင်းနဲ့ ငလျင်လှုပ်အပြီး ၂၄ နာရီနောက်ပိုင်းမှ တွေ့ရတဲ့သူတွေဟာ အသက်ရှင်ဖို့အခွင့်အရေးနည်းပါးကြောင်း အော့တာဗီယန်တိုက ပြောပါတယ်။  

ခြေလက်ကျိုးပြီး ဒဏ်ရာရရှိခဲ့ကြတဲ့ လူနာတွေကိုလည်း တစ်ခုတည်းသောယာယီကုသရေးစင်တာမှာ ဆရာဝန်တွေက ဆေးကုသပေးလျက်ရှိပါတယ်။ 

အပျက်အစီးပုံအောက်ကနေ အသက်ရှင်လျက်တွေ့ရှိသူ အနည်းဆုံး ၁၈ ဦးရှိတယ်လို့ တရားဝင်ကိန်းဂဏန်းတွေအရသိရပါတယ်။ 

ရဲတွေက အနံ့ခွေးတွေကိုသုံးကာ ပြိုကျသွားတဲ့ဆေးရုံမှာ ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေပြီး လူတချို့ ပိတ်မိနေနိုင်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးသမား ယူဆွတ်လာတစ်ဖ်က တနင်္လာနေ့မှာ ပြောပါတယ်။  

ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၉ ၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး မိုးကာအမိုးတွေမိုးထားတဲ့ ယာယီတဲစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly