ဆေးခြောက်ရွက်ကို စားဖွယ်ဟင်းလျာအမယ်အဖြစ် ထိုင်းဆေးရုံစားသောက်ဆိုင်မှာ တည်ခင်းကျွေးမွေး 

ဆေးခြောက်ရွက်ကို စားဖွယ်ဟင်းလျာအမယ်အဖြစ် ထိုင်းဆေးရုံစားသောက်ဆိုင်မှာ တည်ခင်းကျွေးမွေး 
Photo - AFP

ဇန်နဝါရီ ၁၈

နှစ်သက်ဖွယ် မွှေးကြိုင်တဲ့ အသီးအရွက်သုပ်တွေကနေ စွပ်ပြုတ်အထိ ဆေးခြောက် အတက်အရွက်တွေ ထည့်သွင်းချက်ပြုတ်စီမံထားတဲ့ စားဖွယ်ဟင်းလျာစုံကို ထိုင်း ဆေးရုံတစ်ရုံရဲ့ စားသောက်ဆိုင်က တည်ခင်းကျွေးမွေးပါတယ်။ 

ချောင်ဖရာ အဖိုင်ဖူးဘစ် (Chaophraya Abhaibhubejhr) ဆေးရုံက ထိုင်းရိုးရာတိုင်းရင်းဆေး အခြေပြု စမ်းသပ်သက်သေစင်တာက ဖွင့်လှစ်ထားတဲ့ ဒီ စားသောက်ဆိုင်ဆီကို သိချင်စူးစမ်းချင်ကြတဲ့ စားသုံးသူတွေ လာရောက် လေ့လာစားသောက်ကြပါတယ်။ 

၂၀၁၈ မှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် အရှေ့တောင်အာရှမှာ ပထမဆုံး တရားဝင် အသုံးပြုခွင့်လိုက်တဲ့ ထိုင်းနိုင်ငံမှာ ဆေးခြောက်အဆီ ထုတ်ခြင်း၊ ပေါင်းခံခြင်းနဲ့ ဈေးကွက်ဖြန့်ခြင်းတွေ စည်စည်ပင်ပင် လုပ်ကိုင်နေပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ဒီ လုပ်ငန်းထဲ ရင်းနှီးမြုပ်နှံဖို့ စိတ်ထက်သန်ကြတာတွေလည်း မြင့်တက်နေတော့တာပါ။ 

ဆေးခြောက်ပင်ကို နောက်ဆုံးမှာ ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးစာရင်းကနေ ပြီးခဲ့တဲ့လက ပယ်ဖျက်လိုက်တာကြောင့် ဆေးရုံတွေလို လိုင်စင်ရ လုပ်ကိုင်နိုင်သူတွေက အစားအစာတွေမှာ ဆေးခြောက် ထည့်သွင်းချက်ပြုတ်စီမံတာတွေ လုပ်ကိုင်နိုင်ခွင့် ရှိတော့တာပဲ ဖြစ်ပါတယ်။ 

ခုလို အစားအစာတွေမှာ ဆေးခြောက် ထည့်သွင်းချက်ပြုတ်တာဟာ ထိုင်းရဲ့ အတိတ်သမိုင်းဆီ တစ်ကျော့ပြန်တဲ့ ယဉ်ကျေးမှုပဲ ဖြစ်ပါတယ်လို့ စင်တာရဲ့ အကြီးအကဲ အမျိုးသမီးဖြစ်သူ ပါကာခရွန်က ပြောပါတယ်။ 

“အစားအစာမှာ ဆေးခြောက်ထည့်ချက်တာဟာ ကျွန်မတို့ရဲ့ ရိုးရာပါပဲ”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

“အရင်က ဆေးခြောက်ကို တားမြစ်ခံထားခဲ့ရတယ်။ ကျွန်မတို့ဟာ ရာသီပေါ် ဆေးခြောက်တွေ ပမာဏ နည်းနည်းလောက်ကိုပဲ ရရှိပြီး တိုင်းရင်းဆေး ဖော်စပ်နေခဲ့ရတာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဆေးရုံက စားသောက်ဆိုင်မှာ မီနူးသစ် ထွက်လာခဲ့ပြီး ဆေးခြောက်ပါ အစားအစာတွေဟာ တစ်ခန်းတစ်ကဏ္ဍ ပါလာတော့တာ ဖြစ်ပါတယ်။ အလွန်အကျွံမဖြစ်ဖို့အတွက်တော့ ဆေးခြောက်အာနိသင် တော်တော်လေး နည်းနည်းပဲ စားသောက်သုံးစွဲခွင့် သတ်မှတ်ထားတာကြောင့် စားသောက်ဆိုင်အနေနဲ့ စားသုံးသူတစ်ဦးကို ဆေးခြောက်ရွက် ငါးရွက် အများဆုံးပဲ စားသေက်ခွင့် ပေးထားတာ ဖြစ်ပါတယ်လို့ ပါကာရွန်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly