တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ရေခဲမုန့်များတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ဟု အာဏာပိုင်များ ပြော 

တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ရေခဲမုန့်များတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ဟု အာဏာပိုင်များ ပြော 

ဇန်နဝါရီလ ၁၇

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ထုတ်လုပ်ခဲ့သော ရေခဲမုန့်ဘူးများထဲတွင် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့သည့်အတွက် ယခုအခါ ထုတ်လုပ်မှုတူညီသော ကုန်ပစ္စည်းအစုအတွဲမှ ရေခဲမုန့်ဘူးများကို ‌‌ ပြန်လည်သိမ်းယူနေရကြောင်း အစိုးရက ပြောသည်။ 

ပေကျင်းနှင့် ကပ်လျက် တီယန်ကျင်းမြို့ရှိ Daqiaodao Food Co ကုမ္ပဏီကို ပိတ်ထားလိုက်ပြီဖြစ်ပြီး ယင်း၏ ဝန်ထမ်းများကိုလည်း ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးလျက် ရှိကြောင်း မြို့ အာဏာပိုင်တို့က ထုတ်ပြန်သည်။ ထို့ပြင် ရေခဲမုန့်ကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ရှိမနေခဲ့ဟုလည်း သိရသည်။ 

ထုတ်လုပ်မှု တူညီသော အစုအတွဲရှိ ရေခဲမုန့်ဘူး ၂၉,၀၀၀ အနက် အများစုကို ဈေးကွက်သို့ မရောင်းချရသေးကြောင်း အစိုးရက ပြောသည်။ တီယန်ကျင်းမြို့တွင် ‌‌ရောင်းချထားခဲ့သော ရေခဲမုန့်ဘူးပေါင်း ၂၉၀ ကို လိုက်လံစုံစမ်းစစ်ဆေးနေပြီး အခြားနေရာများရှိ သက်ဆိုင်ရာ အာဏာပိုင်များကိုလည်း ၎င်းတို့ဧရိယာများတွင် အဆိုပါ ရေခဲမုန့်များ ရောင်းချထားခြင်းမျိုး ရှိမရှိ စုံစမ်းရန် အသိပေးထားကြောင်း သိရသည်။ 

ပါ၀င်ပစ္စည်းများထဲတွင် နယူးဇီလန် နို့မှုန့်နှင့် ယူကရိန်းမှ Whey powder နို့မှုန့်တို့ ပါ၀င်ကြောင်း အစိုးရက ‌ပြောသည်။ 

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၀၉ ဦး ထပ်တွေ့ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ပြီး ၎င်းတို့အနက် သုံးပုံ နှစ်ပုံသည် ပေကျင်းနှင့် ထိစပ်သော ‌မြောက်ပိုင်းပြည်နယ်တစ်ခုမှ ဖြစ်ပြီး သေဆုံးသူ မရှိဟု သိရသည်။

ဟာဘေးပြည်နယ်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၇၂ ဦး တွေ့ခဲ့ပြီး အဆိုပါ ပြည်နယ်တွင် အာဏာပိုင်တို့က ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေမှုကို ထိန်းချုပ်တိုက်ဖျက်ရန် အခန်းစုစုပေါင်း ၉,၅၀၀ ရှိမည့် ဆေးရုံများကို တည်ဆောက်နေကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ပြောသည်။ 

တရုတ်သည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ဝူဟန်မြို့တွင် ပထမဆုံး စတင်ထုတ်ဖော်သိရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကို အများအားဖြင့် ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ပိုင်း ကူးစက်မှုအသစ် ရာနှင့်ချီအထိကို တွေ့ရှိထားခဲ့သည်။ ယင်းကဲ့သို့ ကူးစက်မှုအသစ်များ တွေ့ရှိခြင်းအပေါ် အမျိုးသားကျန်းမာရေး ကော်မရှင်က ခရီးသွားများနှင့် ပြည်တွင်းသို့ တင်သွင်းသည့် ကုန်စည်များအပေါ် အပြစ်တင်ခဲ့ပြီး ယင်းတို့သည် ပြည်ပကနေ ဗိုင်းရပ်စ် သယ်ဆောင်လာသည်ဟု ပြောခဲ့သည်။ 

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၈၈,၂၂၇ ဦးနှင့် သေဆုံးသူ ၄,၆၅၃ ဦး ရှိနေကြောင်းသိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly