ပရီးမီးယားလိဂ်ဆုတံဆိပ်က ထိုက်တန်မှု မရှိဘူးလို့ ခံစားခဲ့ရပြီး လီဗာပူးလ်မှာ အရည်အသွေးမှန် ထုတ်ပြလိုတဲ့ မီနာမီနို

ပရီးမီးယားလိဂ်ဆုတံဆိပ်က ထိုက်တန်မှု မရှိဘူးလို့ ခံစားခဲ့ရပြီး လီဗာပူးလ်မှာ အရည်အသွေးမှန် ထုတ်ပြလိုတဲ့ မီနာမီနို
Photo: EPA

တာကူမီ မီနာမီနိုက လီဗာပူးလ်အသင်းနဲ့  ၂၀၁၉-၂၀ ရာသီမှာ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်ဟာ သူ့အတွက် ထိုက်တန်မှု မရှိဘူးလို့ ခံစားရကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့ အရည်အသွေးကို ထုတ်ပြဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ 

အသက် ၂၆ နှစ်ကစားသမားဟာ ၂၀၂၀ ဇန်နဝါရီအပြောင်းရွှေ့ကာလမှာ အန်ဖီးလ်ကို ပေါင် ၇.၂၅ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ 

မီနာမီနိုဟာ လီဗာပူးလ်ရဲ့ နှစ် ၃၀ အတွင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဆုဖလားရရှိတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အသင်းကို ရောက်ရှိလာပြီး ၁၀ ပွဲပါဝင်ကစားခဲ့သူပါ။ 

မီနာမီနိုဟာ ဒီအောင်မြင်မှုမှာ အစိတ်အပိုင်းအချို့မှာ ပါဝင်ကစားခဲ့ပေမယ် အခြားသူတွေ ပိုပြီး ပါဝင်ကူညီပေးခဲ့တဲ့ ဆုကို ရယူရာမှာတော့ စိတ်မသက်မသာခံစားရတယ်လို့ ဝန်ခံပါတယ်။ 

"ကျနော့်ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ 

"ဟုတ်ပါတယ်။ ကျနော် ပျော်ခဲ့မေယ့် တစ်ချိန်တည်းမှာပဲ အသင်းအတွက် ရာသီဝက်သာ ကစားခဲ့ရပြီး ရာနှုန်းပြည့်ပါဝင်မှု ရှိခဲ့ရဲလားဆိုတာ အတော်လေး သံသယစိတ်ဝင်ခဲ့ပါတယ်။ 

"ကျနော်ဆုဖလားကို ကိုင်မြှောက်လိုက်ချိန်မှာ ဂုဏ်ယူတဲ့ ခံစားချက်မျိုး ဝင်ခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ အသင်းအတွက် တစ်ရာသီတစ်လျှောက်လုံး ကောင်းကောင်း ကစားပေးဖို့ လိုအပ်တယ်လို့ ထင်မိပါတယ်။ ကျနော့်ရည်မှန်းချက်ကတော့ အဲသလို လုပ်ပေးဖို့ မျှော်လင့်ပြီး ဒီရာသီမှာ ဆုဖလားထပ်မံဆွတ်ခူးပေးဖို့ အသင်းကို ကူညီဖို့ဖြစ်ပါတယ်။"လို့ သူက လီဗာပူးလ်ရဲ့ matchday programme ကို ပြောခဲ့ပါတယ်။ 

အခုချိန်မှာ လီဗာပူးလ်အသင်းနဲ့ ၁၂ လတာဖြတ်သန်းခဲ့တဲ့ တိုက်စစ်ကစားသမားက သူ့ရဲ့ အရည်အသွေးအမှန်ကို ထုတ်ပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။ 

"ကျနော် အခုဆိုရင် ယူကေမှာ နေသားကျပြီး ဘာသာစကားကိုလည်း သင်ယူနေပါပြီ။ ဒါပေမယ့် ကိုဗစ်အခြေအနေကြောင့် နည်းနည်းတော့ အခက်ခဲရှိပါတယ်။ 

"ကျနော် အသင်းက ကစားသမားတွေ အကုန်လုံးနဲ့ တကယ့်သူငယ်ချင်းကောင်းတွေ ဖြစ်နေပြီဖြစ်သလို ရှာကီရီ၊ ကီတာ၊ မာနေးနဲ့ မာတစ်တို့လို ဂျာမန်စကားပြောတဲ့ ကစားသမားတွေနဲ့လည်း မကြာခဏ စကားပြောလေ့ရှိပါတယ်။ သူတို့နဲ့ အဆက်အသွယ်အများကြီး ရှိပါတယ်။"လို့ ဒီရာသီမှာ လီဗာပူးလ်အတွက် ၁၆ ပွဲကစားပြီး ၄ ဂိုး သွင်းယူပေးခဲ့တဲ့ မီနာမီနိုက ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly