အမေရိကန်ဆီ ဦးတည်တဲ့ ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းလူအုပ် ၉၀၀၀ အထိ ရှိလာ 

အမေရိကန်ဆီ ဦးတည်တဲ့ ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းလူအုပ် ၉၀၀၀ အထိ ရှိလာ 
Photo - AFP

 ဇန်နဝါရီလ ၁၇

ဟွန်ဒူးရပ်စ်မှ ပထမ လူအုပ်တစ်အုပ်ဟာ အမေရိကန်ဆီ ရွှေ့ပြောင်းရောက်ဖို့ ဦးတည်ရာမှာ ဂွာတီမာလာ နယ်ခြားရဲတပ်ဖွဲ့ကို သောကြာနေ့မှာ ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် အခြားသူတွေကပါ အနောက်ကနေ လိုက်ပါ ဝင်ရောက်လာခဲ့ကြပါတယ်။ 

အဲဒီအတွက် အမေရိကန်ဆီ ရောက်ရှိမယ် မျှော်လင့်ချက်နဲ့ အခု ရွှေ့ပြောင်းလူအုပ်ဟာ ဂွာတီမာလာနိုင်ငံထဲ ရောက်ရှိနေပြီဖြစ်ရာမှာ လူအင်အားက ၉၀၀၀ အနည်းဆုံး ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ လူဆိုးဂိုဏ်းနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း အခုလို အမေရိကန်ဆီ ဦးတည်ပြီး ရွှေ့ပြောင်းဝင်ရောက်ဖို့ ထွက်ခွာလာကြတာပဲ ဖြစ်ပါတယ်။  

နိုင်ငံမှာ ဖျက်ဆီးအားကြီးတဲ့ ဟာရီကန်းမုန်တိုင်း နှစ်ကြိမ် ကြုံရအပြီးမှာ အများစုက ခြေဗလာနဲ့ ဖြစ်တဲ့ အခု ရွှေ့ပြောင်းဝင်ရောက်သူတွေက ပထမ မက္ကဆီကိုဆီ အရောက်သွားပြီး ပြီးရင် အမေရိကန်ဆီ ဝင်ရောက်မယ် မျှော်လင့်ချက်နဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ခရီးရှည်ကို ချီတက်လျှောက်လှမ်းလာကြတာပဲ ဖြစ်ပါတယ်။ 

အများစုက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတွေ တပ်ဆင်ထားတဲ့ အမျိုးသားတွေ၊ အမျိုးသမီတွေနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ပထမအသုတ်ဟာ ဂွာတီမာလာစီးတီးကနေ ၁၃၂ မိုင် ဝေးတဲ့ အယ်ဖလော်ရီဒို နယ်စပ်မြို့က ရဲစခန်းကို သောကြာနေ့မှာ ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းထောက်က ပြောပါတယ်။ 

ကနဦး အုပ်စုက ၆၀၀၀ လောက်ပဲ ရှိပေမယ့် စနေနေ့မှာ နောက်ထပ် ၃၀၀၀ လောက် နိုင်ငံတွင်း ဝင်ရောက်လာပြန်တာဖြစ်တယ်လို့ ဂွာတီမာလာတာဝန်ရှိသူတွေက ပြောပါတယ်။ 

အခုလို နိုင်ငံဖြတ်ကျော်လာတာဟာ အမျိုးသားအချုပ်အခြာကို ချိုးဖောက်တာဖြစ်တယ်လို့ ဂွာတီမာလာအစိုးရက ရှုတ်ချကြောင်း ထုတ်ပြန်ပြီး ဟွန်ဒူးရပ်စ်အနေနဲ့ သူ နိုင်ငံသားတွေ အုပ်စုလိုက်ကြီး ထွက်ခွာကြတာကို ထိန်းချုပ်ဖို့နဲ့ တားဆီးကာကွယ်တဲ့ အမြဲတမ်း လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

ဒီ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဖြတ်သန်းဝင်ရောက်ခွင့်ပြုတာဟာ ကလေးတွေနဲ့ မိသားစုတွေ အများကြီး ပါလို့ ဖြစ်ပြီး တားဆီးဖို့ မျက်ရည်ယိုဓာတ်ငွေ့သုံးရာမှာ သေဆုံးတာတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ ရဲတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly