နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းကို ဂျီဟတ်တွေ သိမ်းပိုက်

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းကို ဂျီဟတ်တွေ သိမ်းပိုက်
Photo - AFP

ဇန်နဝါရီ ၁၇

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတစ်ခုကို အိုင်အက်စ်အဖွဲ့နဲ့ မဟာမိတ်ပြုထားတဲ့ ဂျီဟတ်တွေက သိမ်းယူသွားနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက အေအက်ဖ်ပီကို ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ ဂျီဟတ် စစ်သွေးကြွတွေဟာ နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်တွေနဲ့အကြား ညပိုင်း တိုက်ခိုက်မှု တစ်ခု ဖြစ်ပြီးနောက် စစ်အခြေစိုက်စခန်းကို သိမ်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၅ ရက် ညပိုင်းနဲ့ ဇန်နဝါရီ ၁၆ ရက် မနက်အစောပိုင်းအချိန်တွေမှာ ချက်ဒ်ကန် ဧရိယာရှိ မာ့တ်မြို့က အခြေစိုက်စခန်းကို အစ္စလမ္မစ် အနောက်အာဖရိကအဖွဲ့ (ISWAP) မှ စက်သေနတ်တွေ ကိုင်ဆောင်ထားခဲ့တဲ့ တိုက်ခိုက်သူတွေက တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။

“ခုချိန်မှာ ဦးစားပေးလုပ်ရမှာက အကြမ်းဖက်သမားတွေလက်ထဲကနေ အခြေစိုက်စခန်းကို ပြန်ယူဖို့ ဖြစ်ပါတယ်၊ စစ်ဆင်ရေးတစ်ခုကိုလည်း လုပ်နေပါပြီ” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“အကြမ်းဖက်သမားတွေကြောင့် ကျွန်တော်တို့ဘက်က အထိနာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်၊ သူတို့က အပြင်းအထန် တိုက်ခိုက်ပြီး အခြေစိုက်စခန်းကို စီးနင်းခဲ့တာပါ” လို့လည်း ၎င်းက ပြောပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်ဟာ “ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်” လို့လည်း ဒုတိယ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဂျီဟတ်တွေရဲ့တိုက်ခိုက်မှုကြောင့် လူ ဘယ်လောက် သေဆုံးခဲ့တယ် ဒါမှမဟုတ် ထိခိုက်ပျက်စီးမှု ဘယ်လောက် ဖြစ်ခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

၂၀၁၆ ခုနှစ်မှာ ဘိုကိုဟာရမ်ကနေ ခွဲထွက်ထားခဲ့တဲ့ ISWAP အဖွဲ့ဟာ နိုင်ဂျီးရီးယား ၊ နိုင်ဂျာ ၊ ကင်မရွန်းနဲ့ ချက်ဒ် တို့ ဆုံနေတဲ့ ချက်ဒ်ကန်ဒေသရှိ ကျွန်းတွေပေါ်က စခန်းတွေကို ထိန်းချုပ်ထားပြီး အဆိုပါ ဧရိယာကို ၎င်းတို့ရဲ့ ခံတပ်အဖြစ် သိကြပါတယ်။

ခုလိုမျိုး စစ်အခြေစိုက်စခန်းကို ဂျီဟတ်တွေ သိမ်းယူမှု ဖြစ်ပြီးနောက် ဒေသခံတွေကို ဘေးကင်းရာသို့ ပြောင်းရွှေ့နေရာချထားမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဂျီဟတ်တွေဟာ မာ့တ်မြို့ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သေးပြီး အဲဒီတုန်းက နိုင်ဂျီးရီးယား စစ်သည်တွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့တဲ့အတွက် ဂျီဟတ်တွေဟာ အင်အားထပ်ဖြည့်ပြီး ခုလိုမျိုး ညတွင်းချင်း နောက်တစ်ကြိမ် ပြန်လည်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ကာလအတွင်းက တာလာလာ ကျေးရွာမှာ ရှိတဲ့ ISWAP တို့ရဲ့ ဒုတိယအကြီးဆုံး စခန်းတစ်ခုကို နိုင်ဂျီးရီးယားစစ်သည်တွေက စီးနင်းထားခဲ့မှု‌အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဂျီဟတ်တွေက ခုလို စစ်အခြေစိုက်စခန်း စီးနင်းမှုကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်နိုင်တယ်လို့လည်း အဆိုပါ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဂျီဟတ်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးထားခဲ့ကြရတဲ့ မာ့တ်မြို့ ဒေသခံတွေကို တစ်ဆင့်ချင်းစီအလိုက် မူလနေရပ်ပြန်ပို့မှုကို ယမန်နှစ် နိုဝင်ဘာက တာဝန်ရှိသူတွေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

ပြည်နယ်မြို့တော် မိုင်ဒူဂူရီ ကနေ ကီလိုမီတာ ၁၃၀ (မိုင် ၈၀) အကွာရှိ မာ့တ်မြို့ကတော့ ချက်ဒ်ကန် ‌‌ဒေသရဲ့ ရိက္ခာအကြီးအကျယ် ထုတ်လုပ်ရာ အရပ်ဒေသအဖြစ် တစ်ချိန်က ရှုမြင်ခံခဲ့ရပါတယ်။

၂၀၀၉ ခုနှစ်နောက်ပိုင်း ဂျီဟတ် ပဋိပက္ခအတွင်း လူပေါင်း ၃၆,၀၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး အကြမ်းဖက်မှုတွေဟာ အိမ်နီးချင်းတွေဖြစ်တဲ့ နိုင်ဂျာ ၊ ကင်မရွန်းနဲ့ ချက်ဒ် တို့အထိပါ ကူးစက်ပြန့်နှံ့ခဲ့တဲ့အတွက် ‌‌ဒေသဆိုင်ရာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တစ်ခု ဖွဲ့စည်းလုပ်ဆောင်ခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly