အင်ဒိုနီးရှား ငလျင်ဒဏ်ကနေ အသက်ရှင်ကျန်ရစ်နိုင်ဖွယ်ရှိသူတွေကို ဆက်လက်ရှာဖွေ

အင်ဒိုနီးရှား ငလျင်ဒဏ်ကနေ အသက်ရှင်ကျန်ရစ်နိုင်ဖွယ်ရှိသူတွေကို ဆက်လက်ရှာဖွေ
Photo - AFP

ဇန်နဝါရီ ၁၇

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ အားပြင်းငလျင်တစ်ခု လှုပ်ခဲ့ပြီးနောက် ငလျင်ဘေးကနေ သေကံမရောက် သက်မပျောက် ကျန်ရစ်နိုင်သူတွေကို ရှာတွေ့ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ဇန်နဝါရီ ၁၆ ရက်မှာ အပျက်အစီးပုံတွေအကြား ကြိုးစားပြီး ဆက်လက်ရှာဖွေနေခဲ့ကြပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် မနက်အစောပိုင်းက ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၅၆ ဦးအထိ ရှိလာခဲ့ပြီလို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။

ငလျင်ကြောင့် လူရာနှင့်ချီ ဒဏ်ရာတွေ ရခဲ့သလို ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးပုံတွေအောက်မှာ လူတွေ ပိတ်မိလျက်သား ဖြစ်နေနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။

ငလျင်လှုပ်ခဲ့ချိန်မှာ ကျွန်းမှာရှိတဲ့ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ကြရပြီး အဆိုပါ ကျွန်းမှာက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ငလျင်-ဆူနာမီ ဘေးဒုက္ခဆိုးတစ်ခုကြောင့် လူ ထောင်ချီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ကြုံတွေ့ထားခဲ့ရပါသေးတယ်။

အနောက် ဆူလာ‌‌ဝေစီ ပြည်နယ်က လူပေါင်း ၁၁၀,၀၀၀ ခန့် နေထိုင်တဲ့ မာမူဂျူမြို့မှာ ငလျင်‌ကြောင့် ပြိုပျက်သွားခဲ့တဲ့ အဆောက်အအုံတွေ အောက်ကနေ ဆွဲထုတ်ထားခဲ့ရတဲ့ ရုပ်အလောင်းတွေကို အလောင်းထည့်အိတ်တွေနဲ့ ထည့်ထားခဲ့ပါတယ်။

အဆိုပါမြို့မှာတော့ ငလျင်ဒဏ်‌ကြောင့် ဆေးရုံတစ်ရုံလည်း ပြိုကျသွားခဲ့ပြီး ရှော့ပင်းမောလ် တစ်ခုလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။  ဒါ့အပြင် ငလျင်ကြောင့် အနောက်ဆူလာဝေစီ ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးရုံးလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၀မ်းနည်းကြေကွဲနေကြတဲ့ ဆွေမျိုးသားချင်းတွေဟာ ငလျင်ကြောင့် သေဆုံးသူတွေကို ဇန်နဝါရီ ၁၆ ရက်မှာ မြေမြှုပ်သင်္ဂြိုလ်မှုတွေ စလုပ်ခဲ့ကြပါတယ်။ ငလျင်လှုပ်ပြီးနောက် ဖြစ်ပေါ်ထားခဲ့တဲ့ အပျက်အစီးပုံတွေအောက်မှာ ပိမိသေဆုံးသူဦးရေ ဘယ်လောက် ဆက်ရှိနေနိုင်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစားအသောက်တွေနဲ့ အခြား အရေး‌ပေါ် အကူအညီ ပစ္စည်းတွေ တင်ဆောင်ထားတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေလည်း အဆိုပါ ငလျင်ဒဏ်သင့် ‌ဒေသကို ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် မာမူဂျူမြို့ရဲ့ ဆေးရုံတွေကို ဝန်‌ပေါ့စေဖို့အတွက် ရွေ့လျား ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပါရှိတဲ့ သင်္ဘောတစ်စင်းကိုလည်း အင်ဒိုနီးရှား ရေတပ်က စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

စက်ယန္တရားကြီးတွေ နည်းပါးနေတာက ရှာဖွေကယ်ဆယ်ရေး အားထုတ်မှုတွေကို နှေးကွေးနေစေခဲ့တယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။

ငလျင်ဒဏ်သင့်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ လူထောင်ချီတို့ဟာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ‌ရောက်ရှိနေကြပြီး အများစုဟာ တာပေါ်လင်စတွေနဲ့ ဖုံးထားတဲ့ စခန်းတွေမှာ ရှိနေခဲ့ကြပါတယ်။ ငလျင်ဘေးသင့်ခဲ့တဲ့ အဆိုပါ ဒေသမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ပါ ရင်ဆိုင်နေခဲ့ရပါတယ်။

“ကျွန်မတို့မှာ အစားအသောက်တွေလည်း ပြတ်ခါနီးနေပါပြီ၊ ခုထက်ထိလည်း အစိုးရဆီက ဘာအကူအညီမှ မရသေးပါဘူး၊ တစ်ချို့ဆိုရင် အုန်းရွက်တွေကို ဖျာလိုမျိုး သုံးပြီး ဖြစ်သလို နေနေကြရပါတယ်” လို့ အသက် ၂၄ နှစ်ရှိ အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူ အများအပြားကတော့ ၎င်းတို့တွေရဲ့ ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေဆီ မပြန်နိုင်ကြသေးတာ ဒါမှမဟုတ် နောက်ထပ် ငလျင်တွေ ဒါမှမဟုတ် ဆူနာမီတစ်ခု ထပ်ပြီး ဖြစ်လာမယ့်အရေးတွေးပူပြီး ပြန်ဖို့ ကြောက်နေတာတွေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly