ပြည်တွင်းရေး မငြိမ်သက်လို့ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာဆိုပွဲအတွက် အမျိုးသားအစောင့်တပ်ရဲ့ အရန်တပ်ကိုပါ လက်နက်တပ်ဆင်ပေးမည် 

ပြည်တွင်းရေး မငြိမ်သက်လို့ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာဆိုပွဲအတွက် အမျိုးသားအစောင့်တပ်ရဲ့ အရန်တပ်ကိုပါ လက်နက်တပ်ဆင်ပေးမည် 
Photo - AFP

 ဇန်နဝါရီလ ၁၇

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က သမ္မတအဖြစ် ကျမ်းသစ္စာဆိုမယ့် လာမယ့် သီတင်းပတ်ကာလအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့အတွက် အမျိုးသားအစောင့်တပ်အင်အား လိုအပ်ချက်ဟာ ကြီးမားလို့နေပါတယ်။ 

နိုင်ငံရဲ့ ပြည်နယ် ၅၀ စလုံးမှာ လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ FBI ကလည်း တပ်လှန့်ထားတာ ဖြစ်ပြီးပြည်နယ်တွေရဲ့ လွှတ်တော်အဆောက်အအုံတွေဆီ လက်နက်ကိုင်ချီတက်မှုတွေ ဒီ သီတင်းပတ်မှာ ဖြစ်ပွားပေါ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

သမ္မတ ထရမ့်ကို လွန်လွန်ကဲကဲ ထောက်ခံသူတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းဆန်နေဆဲအချိန်မှာပဲ နိုင်ငံအနှံ့မှာ အမျိုးသားအစောင့်တပ်အင်အား ၂၁၀၀၀ ကျော်ကို တပ်ဖြန့်ချထားပါတယ်။ 

ဒီလို ပြည်တွင်းရေး မငြိမ်မသက် အခြေအနေကြောင့် အရပ်သားဘဝမှာ ရေပိုက်ပြင်သမားတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ လယ်သမားတွေ အဖြစ် ရှိခဲ့ကြသူတွေဟာ မြို့တော်ဝါရှင်တန်ရဲ့ ရှေ့တန်းမှာ အမျိုးသားလုံခြုံရေးအစောင့်တပ် အရန်တပ်ဖွဲ့ဝင်တွေအဖြစ် နေရာယူပြီး ငြိမ်းချမ်းရေးအတွက် တာဝန်ထမ်းနေပြီလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်ရေးရာ Capitol အဆောက်အအုံကို လူသေဆုံးတဲ့အထိ ဖြစ်ရတဲ့ စီးနင်းဝင်ရောက်မှုမျိုး ထပ်မဖြစ်ရအောင် အစောင့်တပ်အင်အားကို တိုးချဲ့တပ်ဖြန့်ချထားသလို အရန်တပ်ကိုပါ ထည့်သွင်းအသုံးပြုလာရတာပဲ ဖြစ်ပါတယ်။ 

ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းဆိုပွဲကို အကာအကွယ်ပေးဖို့ အရန်တပ်တွေဟာ လုံခြုံရေးယူရမယ်၊ ဆက်သွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းတွေကို တာဝန်ယူရမှာ ဖြစ်ပါတယ်ဆိုပြီး အမျိုးသားအစောင့်တပ်က ထုတ်ပြန်ပါတယ်။ 

အခြေအနေပေါ်လိုက်ပြီး အရန်တပ်တွေကိုပါ လက်နက်တပ်ဆင်ပေးမှာ ဖြစ်ပါတယ်၊ ဒီထက်ပိုပြီးတော့ လိုအပ်လာခဲ့ရင် နောက်ဆုံး အားကိုးအားထားအဖြစ်နဲ့ ဖမ်းဆီးပိုင်ခွင့်ကိုပါ အရန်တပ်ဖွဲ့ဝင်တွေကို ခွင့်ပြုပေးရလိမ့်မှာ ဖြစ်ပါတယ်ဆိုပြီး ပင်တဂွန်က ထုတ်ပြန်ပါတယ်။ 

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာဆိုမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly