အီရန်တော်လှန်ရေးအစောင့်တပ်က ဒုံးကျည်၊ ဒရုန်းတွေနဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အီရန်တော်လှန်ရေးအစောင့်တပ်က ဒုံးကျည်၊ ဒရုန်းတွေနဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်
Photo - AFP

ဇန်နဝါရီ ၁၇

အီရန်နိုင်ငံဟာ သီတင်းနှစ်ပတ်အတွင်းမှာ တတိယမြောက် စစ်ရေးလေ့ကျင့်မှုအဖြစ် တော်လှန်ရေးအစောင့်တပ်က ဒုံးကျည်နဲ့ ဒရုန်း စစ်ရေးလေ့ကျင့်မှုကို သောကြာနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အခု စစ်ရေးလေ့ကျင့်မှုဟာ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ နောက်ဆုံးရက်တွေမှာ အမေရိကန်နဲ့ တင်းမာမှု အရှိန်မြင့်နေချိန်မှာလည်း ဖြစ်ပါတယ်။

Great Prophet 15 လို့ နာမည်ပေးထားတဲ့ သောကြာနေ့က အခု စစ်ရေးလေ့ကျင့်မှုဟာ ဝေဟင်က ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည် မျိုးဆက်သစ်တွေနဲ့ လေ့ကျင့်တာဖြစ်တယ်လို့ Sepahnews ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး Zolfaghar၊ Zelzal နဲ့ Dezful အမျိုးအစား ပဲ့ထိန်းဒုံးကျည်တွေနဲ့ နောက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ပြီး စစ်ရေးလေ့ကျင့်တာ ဖြစ်ပါတယ်။

ဒီ ဒုံးကျည်တွေဟာ ထိပ်ဖူးတွေ အရှင်တပ်နိုင်သလို လေထုအပြင်ဖက်ရောက်တဲ့အထိပါ ထိန်းချုပ်နိုင်တယ်လို့ တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။

တော်လှန်ရေးအစောင့်တပ် တပ်မှူး ဟူစိန်ဆာလာမီနဲ့ အစောင့်တပ်က ဒုံးကျည်တည်ဆောက်ရေးဌာန အကြီးအကဲ အမ်မီရာလီဟာဂျီဇာဒက်ရှ်တို့ရဲ့ ကွပ်ကဲမှုအောက်မှာ ကန္တရဧရိယာကနေ ဒုံးကျည်အချို့ ပစ်လွှတ်ခဲ့ပုံကို နိုင်ငံပိုင်ရုပ်သံကလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။

“အခု စစ်ရေးလေ့ကျင့်မှုရဲ့ သတင်းစကားကတော့ ကျွန်တော်တို့ရဲ့ အင်အားနဲ့ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ့် သံမဏိစိတ်ဓာတ်ကို ပြတာပဲ၊ ကျွန်တော်တို့ အထိပ်အမြတ်ထားတဲ့ အရာတွေနဲ့ ကျွန်တော်တို့ရဲ့ စံတန်ဖိုးတွေကို အစ္စလာမ်နဲ့ အီရန်ရဲ့ ရန်သူတွေကို သိစေတာပဲ”လို့ ဆာလာမီက ပြောကြောင်း အဆိုပါ ရုပ်သံက ကိုးကားဖော်ပြပါတယ်။

ဟာဂျီဇာဒက်ရှ်ကလည်း အခု စစ်ရေးလေ့ကျင့်မှုက အစောင့်တပ်ရဲ့ စွမ်းပကားနဲ့ စွမ်းဆောင်ရည်သစ်ပဲလို့ ပြောဆိုပါတယ်။

အီရန်ဟာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ အိုမန်ပင်လယ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုနဲ့ ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်တို့မှာ  စစ်တပ်ဒရုန်းစစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly